ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်မည့်သူများအား လစဉ်ချီးမြှင့်ငွေ မပေးဘဲ ရွေးကောက်ပွဲ နီးမှသာ ပေးမည်ဟုဆို

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများအား လစဉ်ချီးမြှင့်ငွေမပေးဘဲ ရွေးကောက်ပွဲကျင်းပရန်ရှိသည့် အချိန်ရောက်မှ ကိုးလထက် မပိုသော အချိန်ကာလသတ်မှတ်၍ ချီးမြှင့်ငွေပေး မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်ကပြောကြားသည်။

လစဉ်ချီးမြှင့်ငွေကို ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ကာလသို့ ရောက်ရှိချိန်ထိ စုစုပေါင်း ကိုးလသာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ချီးမြှင့်ငွေပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်နေ ကြောင်း ဦးလှတင့်က ဆိုသည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရန်ရှိပါက ရွေးကောက်ပွဲကျင်းပမည့် နေရာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကိုသာ လစဉ်ချီးမြှင့်ငွေပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ ကျင်းပ ရန်မရှိသည့်နေရာများ ချီးမြှင့်ငွေရရှိမည်မဟုတ်ကြောင်း ဦးလှတင့်က ပြောသည်။

‘‘ကြားဖြတ်ရွေးကောက်ပွဲ လာလိမ့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်ကာလမတိုင်မီ လုပ်မယ့်ခရိုင်၊ မြို့နယ် ကိုပဲ ချီးမြှင့်ငွေပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ မလုပ်တဲ့ခရိုင်တွေ၊ မြို့နယ်တွေအတွက် ချီးမြှင့်ငွေ ပေးမှာ ဟုတ်ဘူး။ ကိုယ်တို့က အဲဒီလို ဆုံးဖြတ်ထားတယ်’’ ဟု ဦးလှတင့် က သြဂုတ် ၂၉ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောသည်။

သြဂုတ် ၂၉ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီး၌ တာဝန် ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအား ပေးအပ်မည့်လစဉ် ချီးမြှင့်ငွေပမာဏသည် များပြားနေသဖြင့် သုံးသပ်မှုများ ပြုလုပ်ရန်နှင့် ပတ်သက်သော အဆိုတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးကြီးသည့်ကာလ၌ မလိုအပ်သော ကုန်ကျစရိတ်များလျှော့ချပြီး ပညာရေး၊ ကျန်းမာရေးတို့အတွက် ပိုမိုသုံးစွဲသင့် ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား အမြဲတမ်း အချိန်ပြည့်ခန့်အပ်စရာမလိုဘဲ ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလသို့ ရောက်ရှိ လာသည့်အခါ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ အချိန်ကာလတစ်ခုသတ်မှတ်ကာ လစဉ်ချီးမြှင့်ငွေပေးခြင်းက သင့်လျော်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လက်အောက်ရှိ ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် အဖွဲ့ခွဲတစ်ခုစီကို အဖွဲ့ဝင် နှစ်ဦး၊ ဥက္ကဋ္ဌ တစ်ဦးစုစုပေါင်း သုံးဦးဖြင့် ခန့်အပ်ပါက ကော်မရှင်အဖွဲ့ခွဲအသီးသီးတို့အတွက် လစဉ်ချီးမြှင့်ငွေ စရိတ်သည် ယခုနှစ်ဘတ်ဂျက်တွင် ကျပ်ဘီလီယံ ၅၀ ရှိပြီး အဖွဲ့ဝင်လေးဦး၊ ဥက္ကဋ္ဌတစ်ဦး စုစုပေါင်း ငါးဦးနှုန်းဖြင့် ခန့်အပ်ပါက တစ်နှစ်လျှင် ကျပ် ၁၆၇ ဘီလီယံ ခန့်ကုန်ကျမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားပြုကာ ကော် မရှင်အဖွဲ့ဝင် ဦးလှတင့်က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးရှိ အဖွဲ့ဝင်များအား ချီးမြှင့်ခြင်းသည် လစာမဟုတ်ဘဲ ချီးမြှင့်ငွေသာဖြစ်သဖြင့် အလုပ်ရှိမှသာ ချီးမြှင့်ရမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲနီး ကပ်သည့်အချိန်တွင် အချိန်ကာလတစ်ခုသတ်မှတ်ကာ ချီးမြှင့် မည်ဖြစ်ကာ အဖွဲ့ခွဲတစ်ခုကို အဖွဲ့ဝင် နှစ်ဦး၊ ဥက္ကဋ္ဌ တစ်ဦး စုစုပေါင်းသုံးဦးဖြင့်သာ ဖွဲ့စည်းမည်ဟု တင်ပြသည်။

အစိုးရသစ်လက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးကို အသစ်ပြန်လည်ဖွဲ့စည်းရန် တာဝန်ထမ်းဆောင်လိုသူများ လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး မကြာမီတွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီးကို အသစ်ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေသည်။

 

# 7 Day Daily


Leave a Reply