အိုင်အက်စ်၏ မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး ဆီးရီးယားတွင် သေဆုံး

htrh

အိုင်အက်စ်၏ အဓိက မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး အနောက်အုပ်စု မဟာမိတ်များနှင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားကြောင်း သိရသည်။

အိုင်အက်စ်ကို လိုလားသည့် မီဒီယာတစ်ခုဖြစ်သော Amaq သတင်းအေဂျင်စီက အဘူမူဟာမက် အယ်လ် အက်ဒ်နာနီသည် အေလက်ပိုတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အေလက်ပိုအနီးရှိ အယ်လ်ဘက်မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတစ်ခု၌ အက်ဒ်နာနီ သေဆုံး ခဲ့ခြင်းဟု ထုတ်ပြန်သည်။

အက်ဒ်နာနီသည် အိုင်အက်စ်၏ စစ်ဆင်ရေး မဟာဗျူဟာ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ရာ အဆိုပါ စစ်သွေးကြွ အုပ်စုအတွက် ကြီးမားသည့် အဆုံးအရှုံးတစ်ရပ်လည်း ဖြစ်လာသည်။ လတ်တလောတွင် အိုင်အက်စ်သည် ဆီးရီးယားနှင့် အီရတ် စစ်မြေပြင်များတွင် ရှုံးနိမ့်မှုများ ဆက်တိုက် ကြုံနေရသည်။ အေလက်ပို အနီးတဝိုက်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီး အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်များ၊ အမေရိကန်၏ ကျောထောက်နောက်ခံမှုကို ရရှိထားသည့် သူပုန်များ၏ ဘက်ပေါင်းစုံမှ ဝန်းရံဖြိုခွင်းမှုနှင့် ကြုံနေရသည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ပီတာကွတ်ခ်က “အက်ဒ်နာနီဟာ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်၏ အမည်ဟောင်း)ရဲ့ ပြည်ပရေးရာ စစ်ဆင်ရေး ကဏ္ဍတွေကို ကွပ်ကဲတဲ့ အဓိက ဗိသုကာလို့ ဆိုနိုင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုရဲ့ သက်ရောက်မှု အခြေအနေကို ကျွန်တော်တို့ ဆန်းစစ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် အက်ဒ်နာနီကို စစ်မြေပြင်ကနေ ဖယ်ထုတ်လိုက်နိုင်ခြင်းဟာ အိုင်အက်စ်အိုင်အယ်လ်အတွက် တကယ့် ထိုးနှက်ချက် ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

အက်ဒ်နာနီသည် ပြင်သစ် အပါအဝင် နိုင်ငံရပ်ခြား တိုင်းပြည်များမှ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများက ဂျီဟတ်ဒ် စစ်ပွဲများ ဆင်နွှဲရန် ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ဝါဒဖြန့် စည်းရုံးမှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။ အသက် ၃၉ နှစ်ရှိ စစ်သွေးကြွသည် အိုင်အက်စ်ကို ထူထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ပြီး အမေရိကန် အစိုးရက ဆုငွေ ဒေါ်လာ ၅ သန်း ထုတ်ပြန်ခြင်း ခံထားရသူလည်းဖြစ်ကြောင်း သိရသည်။

Ref: BBC


Leave a Reply