ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံသား ပညာရှင်များဖြင့်သာ ဖွဲ့စည်းပေးရန် အရေးကြီးအဆိုတင်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် မြန်မာနိုင်ငံသား ပညာရှင် များကိုသာ အစားထိုး ထည့်သွင်းဖွဲ့စည်းပေးရန် အရေးကြီး အဆိုကို သြဂုတ်လ ၃၀ ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ယင်းအဆိုကို ပေါက်တောမဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက တင်သွင်းခဲ့ခြင်းဖြစ်ပြီး  လွှတ်တော်က ကန့်ကွက်သူမရှိသောကြောင့် ဆက်လက် ဆွေးနွေး မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ကော်မရှင်တွင် ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား ၃ ဦးကို အကြံပေးတာဝန် ပေးအပ်ခဲ့ခြင်းမှာ နိုင်ငံခြားသား များအား ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇံက ဝေဖန်ပြောဆို သည်။

“ရခိုင်ဒေသရဲ့ သမိုင်းကြောင်း၊ ပကတိအခြေအနေကို ထဲထဲဝင်ဝင် နားမလည်ဘဲနဲ့ နိုင်ငံတကာ သတင်းမီဒီယာ တွေကတစ်ဆင့် သတင်းအလွဲအမှားများကိုသာ သိရှိပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပယောဂဝင် ပူးကပ် နေသူများ ဦးဆောင်တဲ့ကော်မရှင်ဟာ ပြည်တွင်းပြဿနာအား နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးခွင့် ရရှိ သွားသဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာနိုင်သည်ဟု ရှုမြင်သုံးသပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကော်မရှင်အကြံပေးချက် ပေါ်ထွက်လာပါက နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂကိုပါ သြဇာလွှမ်းမိုးသွားနိုင် ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးသွားမည်ဖြစ်ပြီး ယင်းပုဂ္ဂိုလ်များသည် အကြံပေးသဘောတရားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆို ထားသည်။

ယင်းအရေးကြီးအဆိုသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကာလအတွင်း လွှတ်တော်က လက်ခံဆွေးနွေးရန် ပထမဆုံးသဘောတူသည့် အဆိုဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကိုဖီအာနန်အပါအဝင်  နိုင်ငံခြားသားများ ပါဝင်နေခြင်းကြောင့် ရခိုင်အမျိုးသားပါတီက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

# The Voice


Leave a Reply