တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲတွင် မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဝင်ပြိုင်မည်

45272727

ဒေသတွင်း နိုင်ငံများမှ ကလပ်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည့် ၂၀၁၆ တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲတွင် မြန်မာ လိဂ်ချန်ပီယံ ရတနာပုံအသင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ လဆန်းပိုင်းတွင် စတင်ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲကို အဆင့်သုံး ဆင့်ခွဲခြားထားကာ ရတနာပုံအသင်းက ပထမအဆင့်တွင် လာအို၊ ဗီယက်နမ်နိုင်ငံမှ ပြည်တွင်း လိဂ်ချန်ပီယံအသင်းများနှင့် ပတ်လည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် လာအိုနှင့် ဗီယက်နမ် ၂၀၁၆ ပြည်တွင်းလိဂ်ပြိုင်ပွဲများမှာ ပြီးဆုံးခြင်း မရှိသေးသောကြောင့် ချန်ပီယံအသင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

ပထမအဆင့် အဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၅ ရက်တွင် လာအိုက လပ်နှင့် ဗီယက်နမ်ကလပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဗီယက်နမ် ကလပ်နှင့် ရတနာပုံအသင်း၊ ဒီဇင်ဘာ၂၇ ရက်တွင် ရတနာပုံအသင်း နှင့် လာအိုကလပ်တို့ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ပထမအဆင့်တွင် အမှတ် အများဆုံးရရှိသည့် အသင်းက အကြိုဗိုလ်လုပွဲ၌ ကမ္ဘောဒီးယား ပြည်တွင်းလိဂ်ချန်ပီယံ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိသည့် အသင်းမှာ ထိုင်းပရီးမီးယား လိဂ်ချန်ပီယံအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဗိုလ် လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရတနာပုံအသင်းသည် တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဘာ လဆန်းပိုင်းတွင် ပြန်လည် လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး လက်ရှိ၌ ကစားသမားများအား အနားပေးထားကြောင်း အသင်းမီဒီယာ တာဝန်ခံ ကိုအတာဦးက ပြောသည်။

တိုယိုတာ မဲခေါင်ဖလားပြိုင် ပွဲစတင်ကျင်းပခဲ့သည့် ၂၀၁၄ က ရှုံးထွက်ဖလား ချန်ပီယံဖြစ်ခဲ့သည့် ဧရာဝတီအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရရှိခဲ့သည်။ ၂၀၁၅ မှစ၍ ရှုံးထွက်ချန်ပီယံအစား လိဂ်ပြိုင်ပွဲ ချန်ပီယံအသင်းများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးခဲ့ခြင်းကြောင့် ၂၀၁၅ လိဂ်ချန်ပီယံ ရန်ကုန်အသင်း ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ပြီး ပထမ အဆင့်မှ ထွက်ခဲ့ရသည်။

၂၀၁၆ တိုယိုတာ မဲခေါင် ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၇၅,၀၀၀၊ ဒုတိယအမေ ရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Source : 7Daydaily


Leave a Reply