ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့သော ပုဂံဘုရားစေတီများ ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်ကူညီဆောင်ရွက်ပေးမည်

ယခုလ ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်က ချောက်မြို့ အနောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး အင်အား ၆ ဒသမ ၈ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်မှုဒဏ်ကြောင့် ညောင်ဦးမြို့အတွင်း ပျက်စီးပြို ကျခဲ့ရသော ပုဂံဘုရားစေတီများအား ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲမြင့်က သြဂုတ် (၂၆) ရက် နံနက် ၇ နာရီက ပြောကြားခဲ့သည်။

”ငလျင်ဒဏ်ကြောင့် ပုဂံကဘုရားတွေ ပြိုကျပျက်စီးခဲ့တာတွေအတွက် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတစ်ယောက် အနေနဲ့ အများကြီး စိတ်ထိခိုက်ရပါတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပုဂံဘုရားတွေပြုပြင်ရာမှာ အစိုးရ အဖွဲ့ရယ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာနက အဖွဲ့တွေနဲ့ညှိနှိုင်းပြီး ကူညီဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာက ဘုရားတွေမှာ ဝင်ရောက်ခွင့် ပေးတာနဲ့ ဘုရားတွေမှာ ပါတီဝင်တွေက သန့်ရှင်းရေးလုပ်ငန်းတွေကို လုပ်အားဒါန ကူညီဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ပါတီအနေနဲ့ ပုဂံဘုရားတွေ ပြုပြင်ရာမှာ ပါဝင်ဖို့အတွက် ဗဟိုကနေ တိုင်းဒေသကြီး၊ တိုင်းဒေသကြီးကနေ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ ရပ်ကွက်၊ကျေးရွာအဆင့်အထိ အကူအညီပေးနိုင်ဖို့ စီမံဆောင်ရွက်သွားမှာပါ” ဟုငလျင်ဘေးဒဏ်သင့် ပုဂံဘုရားစေတီများ ပြန်လည်ပြုပြင်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ကူညီ ဆောင်ရွက်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲမြင့်က ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ငလျင်ဘေး ဒဏ်ခံခဲ့ရသော ပုဂံဘုရားစေတီများအနက် သက်ဆိုင်ရာမှ ဝင်ရောက်ခွင့်ပြုထား သော ဘုရားစေတီများအတွင်း ညောင်ဦး ခရိုင်နှင့်မြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများက ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်များမှ ပါတီကော်မတီဝင်များ၊ ပါတီဝင်များက သက်ဆိုင်ရာဂေါပက အဖွဲ့များနှင့်ပူးပေါင်းကာ လုပ်အားဒါနအဖြစ် သန့်ရှင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သိရသည်။

သုတ(မန္တလေး)

#Uniondaily

Photo# Credit


Leave a Reply