ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်းဘုရားများ မိုးကာစတင်မိုး

IMG_0730

ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ မိုးဒဏ်ကာကွယ်ရန်  မိုးကာများ စတင်အုပ်မိုးနေပြီး သြဂုတ် ၂၈ ရက်က ပျက်စီးမှု များပြားသည့် စေတီပုထိုးခြောက် ဆူကို မိုးကာများ စတင်မိုးခဲ့သည်။ ထို့အပြင် မိုးရွာသွန်းမှုကြောင့် ထပ်မံပြိုကျမှုအနည်းငယ်ဖြစ်ပွား ခဲ့ပြီး မိုးယိုစိမ့်မှုပြဿနာ အဓိက ကြုံတွေ့ နိုင်သော စေတီပုထိုး ၃၆ ဆူကို မိုးကာများအုပ်မိုးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘မိုးဒဏ်ကာကွယ်ဖို့အတွက် ဒီနေ့မိုးကာတွေ စမိုးနေပါပြီ။ ခြောက်ဆူ၊ ခုနစ်ဆူလောက်တော့ ပြီးနေပါပြီ။ စူဠာမဏိ၊ မြောက်ဂူ နီဘုရားအပါအ၀င် အရေးကြီးတဲ့ ဘုရားတွေကို စမိုးနေတာပါ။ ကျန်တဲ့ ဘုရားတွေလည်း ငြမ်းတွေထိုး နေပြီး လုပ်နေပါတယ်။ အပေါ် ရောက်ဖို့အထိ လုပ်နေပါတယ်’’ ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

ပျက်စီးသွားသည့် စေတီပုထိုး၊ အပျက်အစီးများ ရှင်းလင်းရေးကို ယနေ့(သြဂုတ် ၂၉ ရက်) တွင် စတင်လုပ် ဆောင်မည်ဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောသည်။ ‘‘ရှင်းလင်းရေးတွေကို စလုပ် ဖို့မှတ်တမ်းတွေ ယူနေပါတယ်။ ဌာနက ၀န်ထမ်းတွေပါတဲ့ အဖွဲ့ တွေငါးဖွဲ့ခွဲပြီး မှတ်တမ်းတွေ ယူပါတယ်။ အတိအကျပေါ့။ ပျက်စီးမှု စာရင်းတွေကို  အတိအကျကောက်ပြီး လုပ်နေပါတယ်။  ရှင်းလင်းတဲ့ အခါ ရှေးဟောင်း ပစ္စည်းတွေ မပျောက်အောင် စီစဉ်ထားပါတယ်။ ရှေးဟောင်းက အင်ဂျင်နီယာတွေ လည်း ပါမယ်။ လုံခြုံရေးအရာရှိ တွေလည်း ပါမယ်။ သူတို့နဲ့ စောင့် ကြပ်ပြီး လုပ်သွားမှာပါ၊ ရှင်းလင်း နေတုန်းမှာလည်း ဓာတ်ပုံမှတ် တမ်းတွေ ရိုက်ကူးမယ်။ ရှင်းလင်း ပြီးတဲ့အခါမှာလည်း ရှင်းလင်းပြီး တဲ့အကြောင်းကို ဓာတ်ပုံမှတ်တမ်း တွေနဲ့ မှတ်တမ်းတင်ထားမှာ ဖြစ် ပါတယ်’’ဟု ဒုညွှန်ကြားရေးမှူး ချုပ်ဦးသိန်းလွင်က ပြောသည်။

သြဂုတ် ၂၇ ရက်တွင် တစ်နာ ရီခွဲကြာ မိုးရွာသွန်းမှုဖြစ်ပွားရာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး သော ပြဿဒ်ကြီး စေတီအပါအ၀င် အခြားစေတီပုထိုးများ အနည်း ငယ်ပြိုကျမှု ဖြစ်ပွားခဲ့သည်။ သြတ်ဂုတ် ၂၄ ရက်တွင် ချောက်မြို့ အနီး၌ အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ရာပုဂံဒေသရှိ စေတီပုထိုး ၃၉၇  ဆူပျက်စီးခဲ့သည်။ ငလျင်ကြောင့် ပျက်စီးခံရသော စေတီပုထိုးများတွင် ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊ စူဠာမဏိ၊ အာနန္ဒာ၊ လောကနန္ဒာ၊ ဂူပြောက်ကြီး၊ ပြဿဒ်ကြီးစသည့် နာမည်ကြီး စေတီပုထိုးများလည်း ပါဝင်ပြီး အမိုးအကာများ အရေးတကြီးမိုးရန် စီစဉ်နေပြီ ဖြစ်သည်။


Leave a Reply