ရုပ်သံလိုင်းသစ်ငါးခု လုပ်ကိုင်ခွင့်ကို လက်ရှိ ရုပ်သံကုမ္ပဏီများ လျှောက်ခွင့်မပြုဟုဆို

အသစ်ထပ်မံ ထုတ်လွှင့်ခွင့်ပြုမည့် ရုပ်သံလိုင်းငါးခုကို ယခင်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများကို ၀င်ရောက် လျှောက်ထားခွင့် ပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်သံလိုင်းအသစ်ငါးခုကို ထုတ်လွှင့်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး ထိုသို့လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ထားသော်လည်း ရုပ်သံထုတ်လွှင့်ခွင့်ရပြီသား ကုမ္ပဏီများကို လက်ခံ မည်မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက သြဂုတ် ၂၃ ရက်တွင် ပြုလုပ်သော ရက်တစ်ရာသတင်း စာရှင်းလင်းပွဲ၌ ပြောသည်။

‘‘အရင်လုပ်ကိုင်ခွင့်ရထားတဲ့ ရွှေသံလွင် Skynet  တို့၊ Forever တို့ကို ဒီအသစ်ငါးခုမှာ ၀င်ရောက် လျှောက် ထားခွင့် ပေးမှာမဟုတ်ဘူး။ စခေါ်ကတည်းက အသစ်လုပ်ကိုင်လိုတဲ့သူတွေကိုပဲ ခေါ်မယ်ဆိုပြီး ရည်ရွယ်ထားတာ’’ ဟု ၎င်းကပြောသည်။

ထို့အပြင် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လစဉ်ပေးသွင်းရမည့် ငွေမှာ လည်း ယခင်ရုပ်သံထုတ်လွှင့်ခွင့်ရရှိ ထားသောကုမ္ပဏီများ  လက်ရှိပေးသွင်းနေသည့် ငွေပမာဏအတိုင်းသာ ဖြစ်သည်ဟု ဦးမြင့်ထွေး ကပြောသည်။

‘‘တစ်လ သိန်းနှစ်ရာဆိုတာက ဌာနကသေသေချာချာတွက် ချက်ပြီးကောက်တာ။ အခုထပ်ခေါ်တဲ့ ကုမ္ပဏီငါးခု ဆိုရင်လည်း သိန်းနှစ်ရာပဲကောက်မှာ’’ ဟု၎င်း ကဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါရုပ်သံ ထုတ်လွှင့်မည့်ကုမ္ပဏီများအတွက် ဆောင်ရွက်လိုသည့် အဆိုပြုလွှာများကို တောင်းခံရန်စီစဉ်နေပြီး သင့်တော် သူများကို ခွဲဝေပေးမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကပြောသည်။

ယခု ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်း လုပ်ကိုင်မည့်သူများနှင့် စာချုပ်ချုပ်ဆိုရန် စာချုပ်တွင် ထည့်သွင်းမည့် အချက် အလက်များကို ရေးဆွဲထားပြီးပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

# 7 Day Daily


Leave a Reply