အီးယူနှင့်မြန်မာကြား အပြန်အလှန်ဖြည့်ဆည်းသည့် စီးပွားရေးစနစ် ဆောင်ရွက်မည်

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများ(အီးယူ)အကြား အပြန်အလှန် ဖြည့်ဆည်းပေးသည့် စီးပွားရေးစနစ်ဖြင့် ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဥရောပသမဂ္ဂသံရုံးမှ သံအမတ် ရိုလန်ကိုဘီးယားကပြောကြားသည်။

အီးယူသံအမတ်သည် သြ ဂုတ် ၂၃ ရက်၌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် မန္တလေးတိုင်း အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံပြီးနောက် ညနေတွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

‘‘အီးယူဟာ မြန်မာနိုင်ငံအတွက် တခြားအိမ်နီးချင်းနိုင်ငံတွေလို ယှဉ်ပြိုင်မှုရှိတဲ့ စီးပွားရေးဆက်ဆံမှုပုံစံ မဟုတ်ပါဘူး။ အပြန်အလှန်ဖြည့်ဆည်းပေးတဲ့ စီးပွားရေးဖြစ် ပါတယ်။ မြန်မာအတွက် လိုအပ်နေတဲ့ နည်းပညာတွေနဲ့ ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင်(Green Energy )အတွက် အီးယူက ဖြည့်ဆည်းပေးနိုင်သလို မြန်မာ ဘက်ကလည်း လယ်ယာထွက်ကုန်တွေ နဲ့ သားငါးတွေကို ပြန်လည်ဖြည့်ဆည်းပေးတဲ့ စီးပွားရေးပုံစံမျိုးနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု မစ္စတာရိုလန်ကို ဘီးယားက ပြောသည်။

နိုင်ငံပေါင်း ၂၈ နိုင်ငံဖြင့် ဖွဲ့ စည်းထားသော ဥရောပသမဂ္ဂ (အီးယူ)သည် နည်းပညာပိုင်းနှင့်  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် ကမ္ဘာပေါ်၌ ဦးဆောင်နေသည့် ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာသည့်အတွက် အီးယူမှ ကုမ္ပဏီများမှာ အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရန်လည်း ပြင်ဆင်လာပြီဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အီးယူအနေနဲ့ မြန်မာအပေါ်မှာ အရင်က သတ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေအားလုံးကို ရုပ်သိမ်းပေး ထားပါတယ်။ မြန်မာကို ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေလည်း ပေးထားပါတယ်။ ကုန်သွယ်မှုအပိုင်း မှာလည်း အရင်ကထက်ပိုပြီး အလွယ်တကူ ပြုလုပ်လာနိုင်ပါတယ်’’ဟု ရိုလန်ကိုဘီးယားက ပြောသည်။

အီးယူသံအမတ်သည် သြ ဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မန္တလေးတိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မန္တလေး ဆေးတက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

# 7 Day Daily


 


Leave a Reply