ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားကြီး စမ်းသပ်ပျံသန်းစဉ် ပျက်ကျ

feryt54ty

ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားအဖြစ် သတ်မှတ်ခံရသည့် လေသင်္ဘောကြီး Airlanderသည် စမ်းသပ်ပျံသန်းမှု ခရီးစဉ်အတွင်း ပျက်ကျခဲ့ကြောင်း သိရသည်။

ပေ ၃၀၀ အရှည်ရှိသည့် လေသင်္ဘောကြီးသည် ဩဂုတ် ၂၄ ရက်က ဒုတိယ အကြိမ်မြောက် စမ်းသပ်ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ Airlanderသည် လန်ဒန်မြောက်ပိုင်းရှိ လေယာဉ်ကွင်း တစ်ခုမှ ပျံတက်လာပြီး လေထဲတွင် တစ်နာရီခွဲမျှ မောင်းနှင်ခဲ့ပြီးနောက် လေဆိပ်သို့ အပြန်တွင် ဦးပိုင်းဖြင့် မြေပြင်ပေါ် အရှိန်ပြင်းပြင်း ထိုးဆင်းခဲ့သည်။

“Airlanderက မြေပြင်ပေါ်ကို ခပ်ကြမ်းကြမ်း ဆင်းသက်ဖို့ အကြောင်းဖန်လာတာကြောင့်ပါ။ လေသင်္ဘောရဲ့ ရှေ့ပိုင်းမှာ အပျက်အစီးတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ ထိခိုက်မှု ပမာဏကို ဆန်းစစ်နေဆဲ ဖြစ်ပါတယ်”ဟု လေသင်္ဘောကြီးကို တည်ဆောက်ခဲ့သည့် ဗြိတိန်ကုမ္ပဏီ Hybrid Air Vehiclesက ကြေညာခဲ့သည်။

လေသင်္ဘော ပျက်ကျရသည့် အကြောင်းရင်းကိုမူ ကုမ္ပဏီက မထုတ်ပြန်ခဲ့ချေ။ သို့သော် Airlanderသည် ပျက်ကျမှု မဖြစ်မီတွင် ကြိုတင်သတ်မှတ်ထားသည့် စမ်းသပ်ခရီးစဉ်အတိုင်း အပြည့်အဝ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ ဗြိတိန်၏ လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနကလည်း ယခုဖြစ်ရပ်ကို စတင်စုံစမ်းနေပြီဟု ဆိုသည်။ Airlanderသည် တည်ဆောက်ပုံအရ လေသင်္ဘော၊ ရဟတ်ယာဉ်နှင့် လေယာဉ်ပျံတို့၏ နည်းပညာများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ယင်းသည် အကြီးဆုံး ခရီးသည်တင် လေယာဉ်များထက်ပင် ပေ ၅၀ မျှ ပိုမိုရှည်လျားသည်။

Airlanderသည် ပထမအကြိမ် စမ်းသပ်ပျံသန်းမှုကို ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့ရာ မည်သည့် ပြဿနာမျှ မရှိဘဲ အောင်မြင်ခဲ့သည်။ အဆိုပါ လေသင်္ဘောကြီးတွင် အင်ဂျင်လေးလုံး တပ်ဆင်ထားပြီး ကုဗမီတာ ၃၈၀၀၀ မျှရှိသည့် ဟီလီယမ် ဓာတ်ငွေ့များ ဖြည့်သွင်းကာ လေထဲတွင် ပျံသန်းစေခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ဖြည့်သည့် လေဘောလုံးကြီးကို အလွန်ပေါ့ပါးပြီး အားကောင်းခိုင်မာသည့် ကာဘွန်ဖိုင်ဘာဖြင့် တည်ဆောက်ထားခြင်းဟု သိရှိရသည်။

Ref: CNN


Leave a Reply