ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲနှင့် ဥရောပအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲ မနက်ဖြန် ပြုလုပ်မည်

14054104_1755106944742189_973377686009925189_n

၂၀၁၆-၁၇ ရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲနှင့် ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီအတွက် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်ပွဲကို ယခုတစ်ပတ် ကြာသပတေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမဲခွဲပွဲ အခမ်းအနားကို ပြင်သစ်နိုင်ငံ၊ မိုနာကိုတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ကြာသပတေးည (၁၁း၃၀) နာရီတွင် စတင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် မဲခွဲပွဲအခမ်းအနား မတိုင်မီ၌ ၂၀၁၅-၁၆ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်သည်။
ယင်းဆုအတွက် နောက်ဆုံးဆန်ခါတင် (၃)ဦးစာရင်းတွင် စပိန်လာလီဂါပြိုင်ပွဲမှ ကစားသမားများဖြစ်သည့် စီရော်နယ်လ်ဒို နှင့် ဂါရတ်ဘေးလ်(ရီးယဲလ်)၊ ဂရစ်ဇ်မန်း(အက်သလက် တီကို)တို့ ပါဝင်နေပြီး ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီလက်ရွေးစင်အသင်း နှင့် ယူရို-၂၀၁၆ ချန်ပီယံဆုဖလားများ ရယူနိုင်ခဲ့သည့် စီရော်နယ်လ်ဒိုက ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်းလည်း သိရှိရသည်။

ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲမှာ UEFA ၏ စည်းမျဉ်းများအတိုင်း ဆီဒင်သတ် မှတ်ချက်များနှင့် ခွဲဝေသွားမည်ဖြစ်ပြီး ယခုအဆင့်တွင် နိုင်ငံတူအသင်းများလည်း ဆုံတွေ့မည်မဟုတ်ပေ။

စည်းမျဉ်းအရ ဥရောအဆင့်သတ်မှတ်ချက် ထိပ်ဆုံးလိဂ်(၇)ခုမှ အမှတ်ပေးချန်ပီယံအသင်းများနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းမှာ ဆီဒင်(၁) အသင်းများအဖြစ် သတ်မှတ်ခံရပြီး ယင်းအသင်းများမှာ အုပ်စု(၈)ခုကို တစ်ခုစီ ဦးဆောင်ရမည်ဖြစ်သည်။

ဆီဒင်(၁)ရအသင်းများမှာ ရီးယဲလ်၊ ဘာစီလိုနာ၊ လက်စတာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာ၊ PSG နှင့် CSKA မော်စကိုတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များမှာ စက်တင်ဘာလ(၁၃)ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဒီဇင်ဘာလ(၇)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

ထို့နောက် ရှုံးထွက်(၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ်အဆင့်နှင့် ဆီမီးဖိုင်နယ်အဆင့်များကိုလည်း သတ်မှတ် ထားသည့်နေ့ရက်များအတိုင်း မဲခွဲပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့်မဲခွဲပွဲကိုလည်း သောကြာနေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photos: AFP & UEFA


Leave a Reply