၂၁ ရာစု ပင်လုံညီလာခံအကြို ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ရာကျော် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် ချင်းပြည်နယ်ရှိ ဒေသခံများ၏ လူမှုဘဝ အခက်အခဲ များနှင့် နိုင်ငံရေးဖြစ်စဉ်၌    ပူးပေါင်းဆောင်ရွက်ခွင့် ရရှိနိုင်ရေးတို့အတွက် ဆွေးနွေးခွင့်ရရန် အကြို တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သုံးရက်တာကျင်းပနေကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီမှ သတင်းရရှိသည်။

၂၁ ရာစုပင်လုံအကြို ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်း တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ နယူးဧရာဟိုတယ်တွင် သုံးရက်တာ ပြုလုပ်လျက်ရှိပြီး ချင်းအရပ်ဘက်အဖွဲ့များအနေဖြင့် နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်အရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိရန် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆလိုင်းကျုံးလျန်ထောင်းက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံတွင်ဆွေးနွေးရန် နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင် စသည့်ကဏ္ဍအလိုက် ချင်းပြည်သူများနှင့် ချင်းအရပ်ဘက်အဖွဲ့များက သဘောထားအမြင်များ တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုသည်။

‘‘ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့က အဓိကက နည်းလမ်းနှစ်ခုနဲ့ သွားမယ်။ နိုင်ငံ ရေးအင်အားစုတွေဆီက တစ်ဆင့်သွားမယ်။ ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပြီးတော့ နိုင်ငံရေးအင်အားစုတွေ ကနေ ညီလာခံကို ကျွန်တော်တို့ အသံတွေကို တင်ပြသွားမယ်။ နောက်တစ်နည်းက တစ်ပြည်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းဖိုရမ်မှာ ချင်းအရပ်ဘက်အဖွဲ့တွေ    ပါဝင်ဆွေးနွေးပြီး အသံတွေကို တင်ပြသွားမယ်’’ ဟု ဆလိုင်းကျုံးလျန်ထောင်းက ဆိုသည်။

ယခုဆွေးနွေးပွဲတွင် ချင်းပြည်နယ်ရှိ မြို့တစ်မြို့လျှင် အရပ်ဘက်အဖွဲ့မှအဖွဲ့ဝင်ငါးဦးစီတက်ရောက်ရန်စီစဉ်ပြီး ယင်း ဆွေးနွေးပွဲသို့ ဒေသကိုယ်စားပြု ချင်းအရပ်ဘက်အဖွဲ့များမှ အဖွJYဝင် ၁၂၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့သည်။

ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများမှာ ၎င်းတို့၏ နေ့စဉ်စားဝတ်နေရေး အခက်အခဲကိုသာ ရင်ဆိုင်ဖြေရှင်းနေ ရသောကြောင့် နိုင်ငံရေးဘက်၌ စိတ်ဝင်စားမှုမရှိကြကြောင်း    တက်ရောက်လာသည့် အရပ်ဘက်အဖွဲ့များက ဆွေးနွေးခဲ့သည်။

‘‘သူတို့လိုအပ်ချက်တွေက ဘာတွေရှိတယ်၊ ညီညွတ်မှုရှိရင် ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ အဓိကက အမြင်ဖွင့်တာတွေ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်မှုအား ကောင်းရင်တော့ သူတို့ရဲ့နိုင်ငံ ရေးအပေါ် စိတ်ဝင်စားမှုများလာ ကြမှာပါ’’ ဟု ချင်းအရပ်ဘက် အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင် နော်မူဖော်ထူးက ပြောသည်။

တိုင်းရင်းသားများအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြရန် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြေခံလို အပ်ချက်များကို ဦးစွာစုစည်းထားပြီး  ညီလာခံတွင် တင်ပြမှသာ တိုင်းရင်းသားများ၏ အခက်အခဲ ပြဿနာတို့ကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆလိုင်းကျုံးလျန်ထောင်းက ဆက်လက်ပြောသည်။၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ ငါးရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများကို အစိုးရက လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်ကာ ညီလာခံ၌  ဝင်ရောက်ဆွေးနွေးခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ # 7 Day Daily


Leave a Reply