မြစ်ဆုံဆည် တည်ဆောက်ရန် သင့်၊ မသင့်ကို ပြည်သူလူထု၏ ဆန္ဒကောက်ခံဆောင်ရွက်သင့်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြော

မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်သင့်၊ မသင့်ကို ပြည်သူလူထု၏ ဆန္ဒကောက်ခံဆောင်ရွက်သင့်ကြောင်း KIA  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြား လိုက်သည်။

ကေအိုင်အေအနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး လူထု၏သဘောထား ရပ်တည်ချက်အတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောကြားခဲ့သည်။

သြဂုတ် ၂၀ ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင်ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် မြစ်ဆုံဆည် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်နိုင်မှု ရှိ၊ မရှိ မေးမြန်း ချက်အပေါ် ယင်းကဲ့သို့ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်က ” ကျွန်တော်တို့ကတော့ အဓိကက လူထုရဲ့သဘောထားပဲ အဓိကသွားမှာပါ။ ကျွန်တော်တို့ အရင် နိုင်ငံတော်အစိုးရကိုလည်း စာတွေနဲ့ တင်ထား တာရှိတယ်။ တရုတ်နိုင်ငံအစိုးရကိုလည်း စာနဲ့တင် ထားတာရှိတယ်။ အဓိကကတော့ လူထုရဲ့ဆန္ဒကိုစစ်တမ်းကောက်ပါလို့ တိုက်တွန်းထားတာဖြစ်ပါတယ်” ဟု ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူလူထုကလက်ခံပြီးလုပ်ပါက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စရာမရှိကြောင်းနှင့် ပြည်သူလူထုက လက်မခံပါက ထိခိုက်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ပြည်သူလူထု၏တောင်းဆိုချက်အရ မြစ်ဆုံဆည်စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က မြစ်ဆုံစီမံကိန်း နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခရီးစဉ်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းချက်အပေါ် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး ကော်မရှင်တစ်ခု ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ အကောင်းဆုံးအဖြေရှာသွားမည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။


‪#‎Democracytoday


Leave a Reply