NLD ဦးဆောင်သည့်လွှတ်တော် USDP ဦးဆောင်သည့်လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်

NLD ဦးဆောင်သည့် လွှတ်တော်တွင် လေးလတာ ထိတွေ့ဆက်ဆံမှုအရ တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကဝေဖန် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် USDP ဦးဆောင်သည့် လွှတ်တော်ငါးနှစ်သက်တမ်းအတွင်း တပ်မတော်ခေါင်းဆောင်များ ပါဝင်သည့် အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် စိုးရိမ်ကြောင့်ကျမှုများရှိခဲ့သော်လည်း USDP ပါတီမှ နွေးထွေးစွာ ဆက်ဆံခဲ့သည်ဟု ၄င်းကပြောသည်။

”ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း လွှတ်တော်ကို ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒီကာလက USDP လွှမ်းမိုး ထားတယ်။ သူတို့နဲ့ စတင်ထိတွေ့တဲ့အခါ အရင်တုန်းက စစ်အာဏာရှင်တွေက တိုင်းသူပြည်သားတွေကို ဘယ်လောက်နှိပ်စက်ခဲ့လဲဆိုတဲ့အသိနဲ့ ကျွန်တော်တို့ ရင်ထဲကြောင့်ကျစိတ်တွေ ရှိခဲ့ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါ ဗိုလ်ချုပ်ကြီးတွေပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကို ကြီးစိုးနေတာပဲ။ ဒါပေမဲ့ လွှတ်တော်ထဲမှာ USDP ပါတီက တိုင်းရင်းသားတွေကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ NLD ဦးဆောင်တဲ့ လွှတ်တော်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ လေးလတာ ထိတွေ့ဆက်ဆံလိုက်တဲ့ အခါမှာတော့ နွေးထွေးမှုမှာ USDP ပါတီနဲ့ ဆက်ဆံခဲ့တဲ့ နွေးထွေးမှုလောက် မရသေးတာ တွေ့ရပါတယ်” ဟု ဦးဘရှိန်က ပြောသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းရှိ စားရိပ်သာ ၄ တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားနိုင်ငံရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် မိတ်ဆက် တွေ့ဆုံပွဲတွင် ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် NLDသည် ဒီမိုကရေစီဘက်တော်သား ဖြစ်သည်မှာ သေချာကြောင်း ၄င်းကဆက်လက် ပြောကြား ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုအဆင့် တိုင်းရင်းသား နိုင်ငံရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် မိတ်ဆက်တွေ့ဆုံပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ လက်ရှိလွှတ်တော် သက်တမ်းအတွင်း တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန် အပါအ၀င် NLD နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေးအတွက် ဆွေးနွေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

Tomorrow


Leave a Reply