၂၀၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက် ယခုလကုန်တွင် ထုတ်ပြန်မည်ဟုဆို

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် Model Year သတ်မှတ်ချက်ကို သြဂုတ်လကုန်တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်တင်သွင်းခွင့်အတွက် Model Year သတ်မှတ်ချက် အမြန်ဆုံးထုတ်ပြန်နိုင်ရန် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမည်ဖြစ်ကြောင်း က.ည.နမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

” လာမယ့်နှစ်အတွက် တင်သွင်းခွင့်ပြုမယ့် ယာဉ် Model Year သတ်မှတ်ချက်ကို မော်တော်ယာဉ်ဥပဒေမှာ ပါတဲ့အတိုင်း ထုတ်ပြန်ကြေညာပေးမယ်။ ဒီနှစ် စက်တင်ဘာလမှာ အစောဆုံး ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ခုနှစ်တွင် ပြည်ပမှ ယာဉ်တင်သွင်းမှုအတွက် Model Year သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးလျှောက်ထားမှုကို ၂၀၀၆ Model ၂၀၁၀ Model အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ဖရီးပါမစ်ဖြင့် ယာဉ် တင်သွင်းခြင်းကို ၂၀၁၁ Model မှ ၂၀၁၆ Model အထိ သတ်မှတ်ထားရှိကာ တင်သွင်းခွင့်ပြုခဲ့သည်။

ထို့အပြင် ခရီးသည်တင်ယာဉ်များကို ၂၀၁၁ Model မှ ၂၀၁၆ Model အထိ (ဘယ်မောင်း) နှင့် အငှားယာဉ်များကို ၂၀၁၁ Model မှ ၂၀၁၆ Model အထိ သတ်မှတ်ကာ တင်သွင်းခွင့်ပြုခဲ့ကြောင်း က.ည.န ထံမှ သိရှိရသည်။

The Voice


Leave a Reply