မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်စုများ၏ အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောကြားသည်။ 

အဆိုပါမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး သြဂုတ်လ ၁၈ ရက်နေ့ဝန်းကျင်တွင် အိန္ဒိယနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း၊ ယင်း မုန်တိုင်းငယ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်များ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း အပါအဝင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်အရှိန်ကြောင့် မုတ်သုံက အားအလွန်ကောင်းနေတဲ့အပြင် ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ မြန်မာ နိုင်ငံထဲဝင်လာရင် မိုးသည်းထန်တာတွေ၊ ပင်လယ်ပြင်မှာ လှိုင်းကြီးတာတွေ ဖြစ်နိုင်တယ်” ဟု ဒေါက်တာ ကျော်မိုးဦး က ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသ များတွင် မိုးသက်လေပြင်း ကျရောက်ခြင်း၊ မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးနိုင်ခြင်းတို့ကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် သတိပြုထွက်ခွာရန် လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

The Voice


Leave a Reply