တိုင်းရင်းသားလူငယ်များ ညီလာခံတွင် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အချက်ခြောက်ချက် ဆောင်ရွက်ရန် သဘောတူ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ၌ အမျိုးသားတန်းတူညီမျှရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အချက်ခြောက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်း ရင်းသားလူငယ်များ ညီလာခံကို ပင်လုံမြို့၌ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပခဲ့ပြီး ယင်းညီလာခံသို့ တက်ရောက်လာသည့် လူမျိုး ၂၆ မျိုးက တင်သွင်းသည့် စာတမ်း ၂၂ စောင် အနက်မှ ဌာနေတိုင်းရင်းသား အခွင့်အရေး၊ အမျိုးသား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဖက်ဒရယ်) ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ သဘာဝပတ်ဝန်းကျင် သယံဇာတနှင့် ရင်းနှီးမြှုပ်နှံမှု၊ မူးယစ် ဆေးပြဿနာနှင့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့ကို သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ အမျိုးသားတန်းတူညီမျှရရှိရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ရေရှည်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ရေးဆွဲထားတာရှိတယ်။  ဘယ်လို နည်းနဲ့ ဘယ်လိုပုံစံ ဖြေရှင်းမလဲဆိုတာ ကျွန်တော်တို့ အဖွဲ့ဝင် တိုင်းရင်းသားတွေအားလုံး တိုင်ပင်ပြီး လုပ်ဆောင်မှာပါ။ ဒီစာတမ်းတွေ တိုင်းရင်းသားလူငယ်တွေရဲ့ အသံတွေကို  လူငယ်ရေးရာမူဝါဒ ရေးဆွဲတဲ့နေရာ ရောက်တဲ့အထိ ပေးပို့သွားမယ်’’ ဟု အဆိုပါညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ကိုစောထွန်းထွန်းက ပြောသည်။

တိုင်းရင်းသားဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ လိုအပ်လျက်ရှိနေပြီး တိုင်းရင်းသားလူငယ်များအကြား အဓိကဖြစ်ပွားနေသည့် ပြဿနာသည် မူးယစ်ဆေးပြဿနာဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

ပင်လုံမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလူငယ်များညီလာခံ၌ ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းပွဲကို သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ ၃၆လမ်းရှိ MJN ရုံးခန်း၌ ပြုလုပ်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက  ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ၂၁ ရာစု ပင်လုံ ညီလာခံတွင် လူငယ်များ ပူးပေါင်းပါဝင်သင့်ကြောင်း တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီက တိုက်တွန်း တောင်းဆိုထားသည်။

‘‘တိုင်းရင်းသားလူငယ် ညီလာခံကို တစ်နှစ်တစ်ခါလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ နောက်ပြီး လူငယ်တွေရဲ့ တောင်းဆိုချက်တွေ၊ တင်သွင်းလာတဲ့ စာတမ်းတွေကို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့နဲ့ အရပ် ဘက် အဖွဲ့တွေကို တင်ပြပေးပို့ သွားမယ်’’ ဟု အဆိုပါ ဖြစ်မြောက် ရေး ကော်မတီဝင် မမိုင်းမိုင်က ပြောသည်။

တိုင်းရင်းသားများ လိုလား သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ယင်းညီလာခံတက်ရောက်လာသည့် တိုင်းရင်းသားလူမျိုး ၂၆ မျိုးမှ ကိုယ်စားလှယ်သုံးဦးစီဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။  7 Day Daily


Leave a Reply