မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်စိုက်ထူရေး ဆွေးနွေးမည်
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ မပြီးပြတ်သေးသည့် မြန်မာ-အိန္ဒိယနယ်နိမိတ်မှတ်တိုင် စိုက်ထူရေး သြဂုတ် ၂၂ ရက်တွင် နှစ်ဖက်နိုင်ငံခြားရေး ၀န်ကြီးဌာနအကြား ဒုတိယ၀န်ကြီးအဆင့် မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ ကို မြန်မာနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ်နှင့် ပတ်သက်ပြီး ၁၉၆၇ ခုနှစ် မတ် ၁၀ ရက်က နယ်နိမိတ်တိုင်းတာရေး စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်နိမိတ်သည် မိုင်ပေါင်း ၁၀၁၀ ထိစပ်နေသည့်အနက် တမူးခရိုင်အတွင်းရှိ ကဘော်ချိုင့်ဝှမ်း ဒေသသည် မြေပုံနှင့် မြေပြင် ကွဲလွဲမှုကြောင့် ၂၄ မိုင်အတွက် မှတ်တိုင်ကိုးတိုင် စိုက်ထူရန်နှင့် မြောက်ဘက်စွန်းရှိ မြန်မာ-အိန္ဒိယ-တရုတ် သုံးနိုင်ငံ ဆုံမှတ်အထိ ၇၉ မိုင်ခန့် သတ်မှတ်ရန်ကျန်ရှိနေကြောင်း မြန်မာ-အိန္ဒိယ-တရုတ် သုံးနိုင်ငံ ဆုံမှတ်သတ်မှတ်ရေးကိစ္စသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အငြင်းပွားနေဆဲဖြစ်သည့်အတွက် အဆိုပါနှစ်နိုင်ငံအကြား ပြေလည်မှုရရှိမှသာ ကျန်သည့် ၇၉ မိုင် ကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကဘော်ချိုင့်ဝှမ်း မှတ်တိုင် ၉ တိုင်ကိစ္စဖြေရှင်းရန် ယခုနှစ် ဇန်န၀ါရီ ၆ ရက်က ကျင်းပခဲ့သည့် နှစ်နိုင်ငံ ပူးတွဲနယ်နိမိတ် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အိန္ဒိယနိုင်ငံဘက်မှ အဆိုပြုအသစ်တစ်ရပ်ကို ပေးအပ်မည်ဖြစ်ကြောင်း ညှိနှိုင်းထားရှိပြီးဖြစ်သည့်အတွက် အိန္ဒိယဘက်မှ အဆိုပြုချက်ရရှိပါက နှစ်ဖက်နိုင်ငံ တာဝန်ရှိသူများ ကွင်းဆင်း လေ့လာတိုင်းတာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ သြဂုတ် ၉ ရက်က ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနများအကြား ဒုတိယ၀န်ကြီးအဆင့် မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ ညွှန်ကြားရေမှူးချုပ် Joint Secretary Mrs. Sripriya ဦးဆောင်သည့်အဖွဲ့က သြဂုတ် ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကဘော်ချိုင့်ဝှမ်းကိစ္စ ညွန်ချုပ်အဆင့်အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်ဟု ၀န်ကြီးဦးကျော်တင့်က လွှတ်တော်တွင် ပြောဆိုသည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ်ခြင်း ၁၆၄၃ ကီလိုမီတာ ထိစပ်နေသည့်ဒေသတစ်ခုဖြစ်သည့် တမူးခရိုင်နှင့် မဏိပူရ် ပြည်နယ်အကြားတွင် နယ်ခြားမှတ်တိုင် ၅၅ တိုင်ရှိပြီး နယ်ခြားမှတ်တိုင်ကိုးခုမှာ နှစ်နိုင်ငံအကြား တိုင်းတာမှု မပြီးဆုံးသေးသည့်နေရာများဖြစ်ကာ BP78 နှင့် BP 80 အကြား ကွင်းဆင်းတိုင်းတာမှုအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က မြန်မာနိုင်ငံမှ မြေတိုင်းအဖွဲ့ နယ်စပ်လုံခြုံရေး တာဝန်ယူထားရသည့် တပ်မတော်မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ တာဝန်ရှိသူများ ပူးပေါင်းကာ တိုင်းတာမှုများပြုလုပ်ခဲ့ကြပြီး မှတ်တိုင်အသစ်များ စိုက်ထူခဲ့ရာ ယခုနှစ် မတ် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ကွားထာရွာအနီး၊ တမူးခရိုင်အတွင်းရှိ ကွန်းတောင်ရွာအနီး မှတ်တိုင်စိုက်ထူရန် ပြုလုပ်နေစဉ် ကွားထာရွာမှ ကျေးရွာသားများက ကန့်ကွက်ခဲ့ရာမှ နှစ်နိုင်ငံအစိုးရအဆင့်အနေဖြင့် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ရန် အိန္ဒိယဘက်မှ တင်ပြခဲ့သဖြင့် ရပ်နားထား ရခြင်းဖြစ်သည်ဟု တမူးမြို့ ထွေ/အုပ်ရုံး မှတ်တမ်းများအရ သိရသည်။
#The Voice