အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေး အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အဆိုတင်သွင်း၊ ဆွေးနွေးရန်မသင့်ဟု လွှတ်တော်ဆုံးဖြတ်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်သွားသည်။

ယင်းအဆိုကို သြဂုတ်လ ၁၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန်သင့် မသင့်သဘောထားရယူခဲ့ရာ သဘောထားကွဲလွဲသဖြင့် စက်ခလုတ် သုံးမဲခွဲ ဆုံးဖြတ်ခဲ့သည်။

မဲပေးခွင့်ရှိသူကိုယ်စားလှယ် ၃၉၅ ဦး ရှိသည့်အနက် ထောက်ခံမဲ ၁၅၁ မဲ၊ ကန့်ကွက်မဲ ၂၁၉ မဲ၊ ကြားနေမဲ ၁၆ မဲဖြင့် ကန့်ကွက်မဲများသောကြောင့် အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအပေါ်တွင် အမေရိကန်နိုင်ငံအနေဖြင့် ပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်မေလက စတင်ခဲ့ပြီး အမေရိကန် သမ္မတ၏ စီမံခန့်ခွဲ့မှုဆိုင်ရာ အီးအို ၁၃၀၄၇ အရ အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ OFAC ဌာနခွဲက ပိတ်ဆို့မှုကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ပိတ်ဆို့မှုပြုလုပ်ရခြင်းကိုဖော်ပြရာတွင် အဆိုပါ ခေတ်ကာလက မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအရေးကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင့်ဖြစ်တယ်လို့ အတိအလင်းဖော်ပြခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက လွှတ်တော်သို့ပြောသည်။

“၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံး တိုးတက်မှု မှတ်တိုင်ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဖိအားပေးမှု အမျိုးမျိုးနဲ့ကြုံခဲ့ရပါတယ်။ ရွေးကောက်ပွဲနီးတဲ့ကာလမှ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်တစ်ဦး ကဆိုရင် ပြည်သူတွေမျှော်လင့်ထားတဲ့ နိုင်ငံရေးပါတီ အနိုင်မရရင် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ပြောတဲ့ အဆင့်ထိ လွှတ်တော် ကိုယ်စားလှယ်ကြီးများ အမှတ်ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံ တကာကမျှော်လင့်ထားတာထက် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့ပါတယ်။ နိုင်ငံတော် တာဝန်လွှဲပြောင်းမှုကို ဒီမိုကရေစီနည်းလမ်းတကျ တည်ငြိမ်အေးချမ်းစွာ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလို လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုနဲ့ ဒီမိုကရေစီနည်းလမ်းကျမှုတွေကို တစ်ပြိုင်တည်း ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီလျှောက်လှမ်းမှုလမ်းကို အားပေးရမှာ ကူညီရမှာ မားမားမတ်မတ် ရပ်တည်ပေးရမှာ ဒီမိုကရေစီနိုင်ငံကြီးများရဲ့ ၀တ္တရားပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး မြှင့်တင်ရေးကိုအားပေးသွားမယ်။ ကူညီသွားမယ်ဆိုတဲ့ ကတိတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ အပြောနဲ့အလုပ်ကွာဟနေသေးတာကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတကာကလည်း မြန်မာ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြု၊ အားပေးထောက်ခံနေကြပါတယ်။ နိုင်ငံတော်အစိုးရအနေ နဲ့လည်း ဒီမိုကရေစီ အခြေခံ အုတ်မြစ်ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နေတဲ့ အချိန် ဖြစ်တဲ့ ဒီလိုအချိန်မျိုးမှာ ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင်နိုင်ငံလို့ခံယူထားတဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုအားပေးသင့်ထောက်ခံသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ၁၉၉၇ ခုနှစ် မေလက စတင်ခဲ့တဲ့ပိတ်ဆို့မှုကို မရုပ်သိမ်းသေးဘဲ ယခုနှစ် မေလမှာ ဆက်လက်ပြီး သက်တမ်း တိုးခဲ့တာ တွေ့ခဲ့ရပါတယ်” ဟု ဦးသန်းစိုးက ပြောသည်။

ဒီမိုကရေစီအရေးတိုးတက်မှုတွေရှိသော်လည်း အရေးယူပိတ်ဆို့မှုများကို အကန့်အသတ်ဖြင့် ဖြေလျှော့ပေးနေ သည်ကိုသာတွေ့ရကြောင်း ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ချုပ်ချယ်ခြင်းမရှိတော့ဘဲ ယခုနိုင်ငံတွင် ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို ရောက်နေပြီဖြစ်သည်ဟု ၎င်းင်းက ထပ်လောင်းပြောသည်။

“ပိတ်ဆို့အရေးယူစဉ်က အကြောင်းအရာများလည်း မရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပိတ်ဆို့ နေခြင်းဟာ မြန်မာ့ဒီမိုကရေစီ ပဒေသာပင်ကို သင်းသတ်နေသလိုဖြစ်ပါတယ်။ ယခုလိုပိတ်ဆို့မှုအား ရုပ်သိမ်းပေးနိုင်ရေးကို နိုင်ငံတော်အစိုးရမှ အလေးထား ဆောင်ရွက်ပေးရန် အဆိုကို လွှတ်တော်မှတစ်ဆင့် တင်သွင်းအပ်ပါတယ်” ဟု ဦးသန်းစိုးက အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ထောက်ခံခဲ့ကာ အဆိုကိုလက်ခံ ဆွေးနွေးရန် သဘောတူမတူကို လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းခဲ့သည်။

အဆိုကို လွှတ်တော်အတွင်း လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆန္ဒပေးခဲ့သူများရှိသကဲ့သို့ မတူကြောင်း ပြောကြားသူများလည်းရှိသဖြင့် စက်ခလုတ်သုံးမဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများသဖြင့် အဆိုကို လွှတ်တော် အတွင်းဆွေးနွေးရန်မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

#‎Democracytoday


Leave a Reply