မြိတ်ကျွန်းစုဒေသများတွင် Eco Tourism ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့၏ သဘောထားအပေါ် မူတည်ကာ ဆောင်ရွက်မည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများတွင် Eco Tourism အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရာ၌ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏သဘောထားအပေါ် မူတည်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရှိရသည်။

မြိတ်ကျွန်းစုဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များ ခွင့်ပြုရာ တွင်လည်း ဆိုးကျိုးသက်ရောက်မှုမရှိစေရေးနှင့် ဒေသ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနည်းပါးသည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ရှိပြီးသား ခရီးသွားဒေသတွေအပြင် လူတွေသွားရောက်လည်ပတ်သင့်တဲ့ မြိတ် ကျွန်းစုလိုနေရာသစ်တွေ ဖော်ဆောင်ဖို့ရှိပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေကို တိုက်ရိုက်အကျိုးပြုတဲ့လုပ်ငန်း တွေဆိုရင် ခွင့်ပြုပေးသွား မှာဖြစ်တယ်” ဟု မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် Eco Tourism Plan ကို ၂၀၁၅ ခုနှစ်တွင် ရေး ဆွဲလျက်ရှိပြီး Eco Tourism Plan ကို ဥပဒေနှင့်ကိုက်ညီမှုရှိအောင် ရေး ဆွဲသွားမည်ဖြစ်သည်။

လက်ရှိ Eco Tourism နေရာဒေသများတွင် အချို့နေရာဒေသများကို ခရီးသွားဝင်ရောက်မှု အလွန်နည်းပါး နေသည့်အပြင် ခရီးသွားဝင်ရောက်မှု လုံးဝမရှိသော နေရာဒေသများလည်း ရှိနေခြင်းကြောင့် အဆိုပါဒေသ အားလုံးကို ခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် သစ်တောဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

“အခုချိန်မှာလည်း တစ်နှစ်ထက်တစ်နှစ် ခရီးသွားတွေ ပိုပိုများလာတယ်။ ဒါကြောင့် Eco Tourism ထဲ မှာ ပါဝင်တဲ့ ပရောဂျက်တွေကို တိုး မြှင့်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါ တယ်။ သဘာဝသားငှက် တိရစ္ဆာန်တွေထိန်းသိမ်းနိုင်ဖို့ သစ်ပင်၊ ပန်းမန်၊ သစ်ခွတွေကို လိုက်လံကြည့်ရှုနိုင်အောင်လည်း ဆောင်ရွက်သွားမယ်” ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင့် သွင်ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံရှိ မြိတ်ကျွန်းစုဒေသများသည် သဘာဝအလှအပ များစွာတည်ရှိသည့် နေရာဒေသများဖြစ် သောကြောင့် ပြည် တွင်း ခရီးသွား လုပ်ငန်းရှင်များအပြင် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်နိုင်ပြီး ခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ဒေသများစွာရှိကြောင်း သိရသည်။

လက်ရှိEco Tourism နေရာဒေသများအဖြစ် အလောင်းတော်ကဿပ၊ ကျိုက်ထီးရိုး၊ မြိုင်ဟေ၀န်၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း၊ အင်းလေးကန်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအ၀င် အခြားသော နေရာဒေသများစွာ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများနှင့် နယ်စပ်ဂိတ်ပေါက်များမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ဧည့်သည် ၅ ဒသမ ၅ သန်း ၀င်ရောက်ရန်မျှော်မှန်းထားပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်က နိုင်ငံခြားသား ဧည့်သည် ၄ ဒသမ ၇ သန်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

#‎Democracytoday


Leave a Reply