ဖိလစ်ပိုင်တွင် မွတ်စလင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စ

Philippine

မနီလာ၊ သြဂုတ် ၁၄

ဖိလစ်ပိုင်နိုင်ငံတွင် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးသည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးကို ရည်ရွယ်လျက် သမ္မတ ရိုဒရီဂိုဒူတာတေး လက်ထက်တွင် ပထမဆုံးအဖြစ် နိုင်ငံ၏ အကြီးဆုံးမွတ်စလင်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား သြဂုတ် ၁၃ ရက်က ပြန်လည်စတင်သည်။

မလေးရှားတွင် နှစ်ရက်တာကျင်းပသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သမ္မတ ဒူတာတေး၏ ငြိမ်းချမ်းရေး လမ်းပြ မြေပုံအပေါ် အသေးစိတ်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

“လမ်းပြမြေပုံအပေါ် အပြည့်အဝနားလည်မှုရရေးအတွက် ဆွေးနွေးသွားကြမှာပါ။ ဒါပေမယ့် အားလုံးကို သတိ ပေးထားလိုတယ်။ ဒါက လွယ်ကူတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတာပါ။”ဟု သမ္မတအကြံပေး ဂျီးဆက်ဒူရီဇာက သတင်း ထောက်များအား အသေးစိတ်မဟုတ်ဘဲ ပြောဆိုသည်။

အင်အား ၁၂၀၀၀ ရှိ မော်ရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး MILF က ၁၉၇၀ ခုနှစ်များမှစကာ မွတ်စလင် အများစုရှိသော ဖိလစ်ပိုင်တောင်ပိုင်းတွင် သွေးထွက်သံယိုများသော သောင်းကျန်းမှုများကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်အတွင်း သဘောတူညီမှုတစ်ရပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့၍ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးသော သဘောတူညီမှုအရ မင်ဒါနာအိုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖွဲ့စည်း ပေးပြီး ဒေသဆိုင်ရာ အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်မည့် ဥပဒေတစ်ရပ် ရေးဆွဲပြီးနောက် MILF သူပုန် တို့က လက်နက်ချမည့် သဘောတူညီမှုဖြစ်သည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်အတွင်းက MILF တို့ စီးနင်းတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားကာ ရဲကွန်မန်ဒို ၄၄ ဦးသေဆုံးခဲ့ရပြီးနောက် ဥပဒေအတည်ပြုနိုင်ရေး နှောင့်နှေး ရကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်း ဖြစ်သည်။

ယခု မလေးရှားနိုင်ငံတွင် နှစ်ဖက်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်လာခြင်းက “ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် သမိုင်းမှတ်တိုင် တစ်ရပ်ဖြစ်ကြောင်း” သမ္မတဒူတာတေးက ပြောဆိုသည်။

(ဘန်ကောက်ပို့စ်)


Leave a Reply