၂၁ ရာစုပင်လုံသို့ ‘၀’ နှင့် ‘မိုင်းလား’ အဖွဲ့များ တက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံသို့ ‘၀’နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့အထိ ကျွန်တော်တို့ကို နှုတ်အားဖြင့်အကြောင်းပြန်ထားတာက UWSP (‘၀’ပြည်သွေးစည်းညီ ညွတ်ရေး ပါတီ) အထူးဒေသ (၂)နဲ့ မိုင်းလားကလည်း ပင်လုံညီလာခံတက်ရောက်မယ်ဆိုတာ ပြောထားတာ ရှိပါတယ်’’ဟု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက သြဂုတ် (၁၁) ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံရေးမူဘောင်သုံးသပ် အစည်းအဝေး အပြီး၌ ပြောကြားသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာပြုလုပ်နေသည့် နိုင်ငံ ရေးဆွေးနွေးမှု မူဘောင်သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် မိုင်းလားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီး ‘၀’ အဖွဲ့ကမူ တက်ရောက်ခြင်းမရှိကြောင်း သတင်းရရှိသည်။

‘၀’ နှင့် မိုင်းလားအဖွဲ့သည် ပင်လုံညီလာခံသို့ မည်သည့်ပုံစံဖြင့် တက်ရောက်မည်နှင့် ပတ်သက်၍ ဦးလှမောင်ရွှေ က ‘‘အခု ညီလာခံကိုဖိတ်မှာက အားလုံးကို ပုံစံတစ်ခုတည်း ဖိတ်မယ်လို့ နားလည်တယ်။ ဒါပေမဲ့ ဒါတွေအား လုံးက ဆက်ညှိရမယ်။ ‘၀’ နဲ့ မိုင်းလား ညီလာခံတက်မယ်ဆိုတာတော့ Confirm ပေးထားတယ်။ ဒါပေမဲ့ အစည်း အဝေးက ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတာက ကျွန်တော်တို့က ညှိနှိုင်းဆဲဖြစ်နေတယ်။ သူတို့က နှုတ်အားဖြင့်ပြော ထားတာပါ’’ ဟု သတင်းထောက်များအား ပြောသည်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘၀’ (UWSP)နှင့် မဟာမိတ် မိုင်းလားအဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် ပါဝင်ခြင်းမရှိသည့် အဖွဲ့များဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ‘၀’ နှင့် မိုင်းလား ခေါင်းဆောင်များသည် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

7 Day Daily


Leave a Reply