၂၀၁၆ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များ ပညာရေးမှူးရုံးများသို့ စတင်ဖြန့်ဝေ

၂၀၁၆ တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်စာအုပ်များကို ဝေးလံသည့်ဒေသများရှိ ပညာရေးမှူးရုံးများသို့ စတင်ဖြန့်ဝေ နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ သြဂုတ် ၁၂ ရက် နောက်ဆုံးထား၍ ဖြန့်ဝေမည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လမ်းညွှန်စာအုပ်တွေကို ဝေးလံတဲ့ဒေသတွေကို စဝေနေပြီ။ မကြာခင် ကျောင်းသားတွေကို ဖြန့်ဝေပေးတော့မယ်’’ ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

၂၀၁၆ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များသည် ၂၀၁၅ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်နှင့် ကွာခြားမှု အနည်း ငယ်သာရှိမည်ဟု ဒေါက်တာသိန်းဝင်းကပြောသည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ် ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသားများကို အမှတ်အနည်း၊ အများစဉ်၍ တက္ကသိုလ်မှ လက်ခံနိုင်သည့် အရေအတွက်အတိုင်း ဦးရေစိစစ်လက်ခံမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

‘‘စာအုပ်တွေကို မြို့နယ် ပညာရေးမှူးရုံးတွေကို စဖြန့်နေပါပြီ။ အခုက ဝေးတဲ့ ချင်း၊ ကရင်၊ မြစ်ကြီးနားတို့ကို စဖြန့်နေပြီ။ လာမယ့် သောကြောနေ့ နောက်ဆုံးထားပြီးတော့ ပြည်နယ်၊ တိုင်းအားလုံးကို ဖြန့်ဖို့ မှန်းထားတယ်။ အားလုံးစုံသွားရင် ကျောင်းသားတွေဆီကို စပေးမယ်’’ ဟု အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် ယခင်နှစ်များအတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ၂၀၁၆ မေလအတွင်းပြုလုပ်သည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) တွင် ပြောကြားခဲ့သည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး ဝင်ရောက်ဖြေဆိုသူ ခြောက်သိန်းကျော်အနက် နှစ်သိန်းခန့် အောင်မြင်ကာ အောင်ချက် ၂၉ ဒသမ ၉၂ရာခိုင်နှုန်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာ သည်။

# 7 Day Daily


Leave a Reply