ထိုင်းခြေဥဆန္ဒခံယူပွဲမှ ပြည်သူ့သဘောထားအတိုင်း လက်ခံမည်ဟု ၀န်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာ ဆို

ထိုင်းစစ်တပ်အား နိုင်ငံရေးနှင့် အုပ်ချုပ်မှုအာဏာ ပိုမိုရရှိစေမည့် အခြေခံဥပဒေသစ်အား အတည်ပြုရန် ထောက်ခံ မဲအများစုရရှိခဲ့သော လူထုဆန္ဒခံယူပွဲ ရလဒ်အပေါ် သဘောထား ကြီးကြီးထားရှိသည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာက ပြောကြားသည်။

13939592_913928515385399_3969430377686257725_n

၂၀၁၄ က စစ်အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ယဉ်လတ်သည် စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်း ကိုကန့်ကွက်ရန်လူထုအား ပြောကြားဖူးသော်လည်း ယခုဆန္ဒခံယူပွဲရလဒ်ကို လက်ခံကြောင်းပြောကြားသည်။

ယဉ်လတ်က လူထု၏ ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ယင်း၏အမြင်ကို လွတ်လပ်စွာ ပြောကြားခွင့်မရခဲ့ဟု ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

အခြေခံဥပဒေသစ်မူကြမ်းအား ဝေဖန်ခြင်းကို အာဏာသိမ်းစစ်အစိုးရက တားမြစ်ထားသဖြင့် ယခုရလဒ် ထွက်ပေါ် မှုအပေါ် အံ့အားသင့်ခြင်းမရှိဟု ယဉ်လတ်က ဆိုသည်။ ထိုသို့ ဝေဖန်ခွင့်မရှိခြင်းက အခြားနိုင်ငံများနှင့် အခြေအနေ ကွာခြားစေသည်ဟု ဆိုသည်။

ယဉ်လတ်က “ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီမဟုတ်တဲ့ အခြေခံဥပဒေကို ဒီနိုင်ငံမှာ လက်ခံခဲ့ပြီး နောက်ကြောင်းပြန်သွားတဲ့အတွက် ၀မ်းနည်းမိပါတယ်” ဟု ပြောကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

ယဉ်လတ်က “အခြေခံဥပဒေ မူကြမ်းပါအချက်တွေနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့အမြင်တွေကို ဖော်ပြဖို့၊ ဝေဖန်ဖို့ အခွင့်အရေးမရှိတဲ့အတွက် လူထုဆန္ဒခံယူပွဲရလဒ်ကို ကျွန်မ မယုံကြည်ပါဘူး။ ဒါဟာ တစ်ဖက်သတ်ဆန်ပြီး ကျွန်မတို့ ပြုလုပ်ခဲ့တဲ့ အခြားလူထု ဆန္ဒခံယူပွဲတွေ၊ ကမ္ဘာ့ အခြားနိုင်ငံတွေက ဆန္ဒခံယူပွဲတွေနဲ့ ခြားနားပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းရွေကောက်ပွဲ ကော်မရှင်၏ တနင်္ဂနွေနေ့ ကြေညာချက်အရ ဆန္ဒမဲ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအား ထောက်ခံသူ ၆၁ ရာခိုင်နှုန်းနှင့် ကန့်ကွက်သူ ၃၉ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။ လူထုဆန္ဒခံယူပွဲအတွက် တစ်နိုင်ငံလုံးတွင် မဲရုံ ၉၅,၀၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ မဲပေးခဲ့ကြသည်။

ထိုင်းခြေဥဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၅၀.၅ သန်း၏ ၇၀ ရာခိုင်နှုန်းခန့် မဲလာပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းခဲ့သော်လည်းစာရင်းများအရ ၅၅ ရာခိုင်နှုန်းသာ မဲလာပေးခဲ့ပြီး ၂၀၀၇ ဆန္ဒခံယူပွဲတွင် မဲပေး ခဲ့သူ ၅၇.၆ ရာခိုင်နှုန်းထက်ပင် လျော့နည်းခဲ့သည်။  Ref – The Nation


Leave a Reply