ဆော်ဒီကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးရှိ တင့်ကားနှင့် လက်နက်များရောင်းချမည်ဟု အမေရိကန် အတည်ပြု

MIDEAST-CRISIS_

အမေရိကန်အစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ တင့်ကားများ၊ စစ်လက်နက်ပစ္စည်းများ ဆော်ဒီအာရေးဗျနိုင်ငံသို့ ရောင်းချသွားမည့်အစီအစဉ်ကို အတည်ပြုပေးထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ် ၉ ရက်တွင်  ထုတ်ပြန်ကြေညာလိုက်သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းစစ်လေယာဉ်များ အိမ်နီးချင်းယီမင်နိုင်ငံတွင် လေကြောင်းစစ်ဆင်ရေးများ ပြန်လည်စတင် လုပ်ဆောင်နေသည့်သတင်းများ ထွက်ပေါ်လာနေသည့်အချိန်နှင့် ယခု ကြေညာချက်နှင့် တိုက်ဆိုက် နေသည်။ ယီမင်ပြည်တွင်းစစ်ပွဲများအတွင်း ပြီးခဲ့သည့်သုံးလတာအတွင်း အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးကာ လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပြီး ကုလ၏ ကြားဝင်စေ့စပ်မှုများလည်း ရပ်ဆိုင်းထားရသည်။

ယီမင်စစ်ပွဲအတွင်း အရပ်သားများ သေဆုံးနေရသည့်သတင်းအပေါ်လွန်စွာ စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အဲလီဇဘက် ထရူဒီက ဆိုလိုက်သော်လည်း ယခုရောင်းချသွားမည့် လက်နက်များကို ဆော်ဒီကအသုံးပြုခြင်းကြောင့် အရပ်သားများသေဆုံးနိုင်ခြေ ရှိနေနိုင်သလား ဆိုသည့်မေးခွန်းကိုမူ အတိအကျဖြေဆိုသွားခဲ့ခြင်းမရှိပေ။

” ဒီလက်နက်ရောင်းမယ့်ကိစ္စက ကျွန်မတို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံတဲ့သဘောပါပဲ၊ ခုလိုမျိုး ယီမင်စစ်ပွဲအတွင်း အရပ်သားတွေ သေဆုံးနေရတာကတော့ ကျွန်မတို့လည်း တကယ့်ကို ၀မ်းနည်းပူပန်မိတာပါပဲ” ဟု သူမက ဆိုသည်။

ယခု အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးထားပြီး သြဂုတ်လ ၈ ရက်က ကွန်ဂရက်လွှတ်တော်သို့ တင်ပြထားခဲ့သည်။ ပုံမှန်အားဖြင့် ယခု အစီအစဉ်ကို ရက်ပေါင်း ၃၀ အတွင်း လွှတ်တော်က ကန့်ကွက်ပိုင်ခွင့် ရှိသော်လည်း ယင်းကဲ့သို့ ဖြစ်မလာနိုင်ဟု သိရသည်။

(Mizzia)


Leave a Reply