လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ထပ်မံကတိပြု

600 thai

စစ်တပ်ထောက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုင်းနိုင်ငံသားများ လက်ခံအတည်ပြုပြီးနောက် ရက်ပိုင်း အကြာတွင် ဒီမိုကရေစီစနစ်သို့ ပြန်သွားရေး အစီအစဉ်များကို ၀န်ကြီးချုပ် ပရာယွတ်၏ စစ်ဘက်ဆိုင်ရာအစိုးရက ကြန့်ကြာအောင်လုပ်နိုင်သည်ဆိုသော စိုးရိမ်မှုများ ပြေလျော့စေရေး ၂၀၁၇ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ သွားမည်ဟု ၎င်းက ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲသည် ၂၀၁၄ မေလက အာဏာသိမ်းခဲ့သည့် ပရာယွတ်၏ အစိုးရအပေါ် လူထု သဘောထား မည်သို့ရှိကြောင်း အကြီးကျယ်ဆုံး စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့သည်။

ယင်းကဲ့သို့ အာဏာသိမ်းခဲ့ရခြင်းမှာ ထိုင်းနိုင်ငံတွင် နှစ်များစွာကြာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး မငြိမ်သက်မှုကို အဆုံးသတ်ရန် ရည်ရွယ်သည်ဟုပြောသည်။

ဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ ပြန်သွားရေး စစ်အစိုးရ၏ လမ်းပြမြေပုံအရ ယခင်က ပရာယွတ်က အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၇ အတွင်း ကျင်းပမည်ဟု ပြောကြားခဲ့သည်။ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်သော အစိုးရတစ်ရပ်သည် ၂၀၁၇ အတွင်း အစောဆုံး အာဏာရယူ လိမ့်မည်ဟု ထိပ်တန်း အရာရှိ တစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ရွေးကောက်ခံအရပ်သား အစိုးရတစ်ရပ်ကို တတ်နိုင်သမျှ အမြန်ဆုံး အာဏာ ပြန် အပ်နှင်းရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီးနောက် ပရာယွတ်က ၂၀၁၇ အတွင်း ရွေးကောက် ပွဲ ကျင်းပမည်ဟု ထပ်မံကတိပေးခြင်းဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်ရေး ကြီးမားသော မောင်းနှင်အားကြောင့် တနင်္ဂနွေနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ထောက်ခံမှုများခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

စစ်တပ်က အာဏာနှစ်ကြိမ်သိမ်းပြီး လူထုမငြိမ်သက်မှုဖြစ်ပွားကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားလျော့ခဲ့ရသည့် ဆယ်နှစ်ကြာ နိုင်ငံရေးမငြိမ်သက်မှုကို ထိုင်းနိုင်ငံသားများ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံရေးပါတီများ အပါအ၀င် ဝေဖန်သူများက လူထုဆန္ဒ ခံယူပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ဝေဖန်ခဲ့ကြ သော်လည်း လူထုဆန္ဒခံယူပွဲပြီးနောက် မငြိမ်မသက်ဖြစ်မည့် လက္ခဏာများ မတွေ့ရပေ။

-Ref: Reuters


Leave a Reply