လက်စတာအသင်းနှင့် နည်းပြရာနီရေရီ သုံးနှစ်သက်တမ်းတိုးစာချုပ်ရန် သဘောတူညီမှုရရှိ

Latsiter

သြဂုန် ၁၀၊ အင်္ဂလန်

လက်စတာအသင်းနှင့် နည်းပြရာနီရေရီတို့သည် သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ စာချုပ်သစ်အရ ရာနီရေရီသည် တစ်နှစ်လျှင် လစာငွေ ပေါင် ၃ သန်းရရှိမည် ဖြစ်ပြီး ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်မီ စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။

ရာနီရေရီ၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်အထိ သက်တမ်းရှိသေးသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပြီးနောက် ယခင်လစာငွေထက် နှစ်ဆတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် အသင်းပိုင်ရှင်များဘက်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ်ရှိ ရာနီရေရီက လက်စတာအသင်းတွင်သာ သူ၏နည်းပြဘ၀ကို ကုန်ဆုံးလိုကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုင်းအသင်းပိုင်ရှင်များဘက်က ကာလရှည် စာချုပ် ချုပ်ရန် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ရာနီရေရီသည် ပြီးခဲ့သည့် ၁၃ လက လက်စတာနည်းပြ ရာထူးကို ရယူခဲ့ပြီးနောက် သံသယများဖြင့် စောင့်ကြည့်ခံခဲ့ရသူ ဖြစ်သည်။ လက်စတာအသင်း ပရီးမီးယား လိဂ်တွင် ဗိုလ်စွဲနိုင်ခြေမှာလည်း ၅၀၀၀ လေး ၁ လေး လောင်းကြေးပေါက်ခဲ့သည်။

သို့သော် ရာနီရေရီက လက်စတာအသင်းရဲ့ ၁၃၂ နှစ်ကြာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ဖလားကို ရယူပေးခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး နည်းပြ ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

ရည်ညွှန်း အိတ်ပရက်စ်


Leave a Reply