Zenfone 3 series သစ်များ မြန်မာနိုင်ငံဈေးကွက်သို့ စက်တင်ဘာလ ဝန်းကျင်တွင် ဖြန့်ချိရန် စီစဉ်

13912430_1040385839409035_8408574716716903531_n

Zenfone 3 series သစ်များ မြန်မာနိုင်ငံဈေးကွက်သို့ စက်တင်ဘာလဝန်းကျင်တွင် ဖြန့်ချိရန်စီစဉ်ထားကြောင်း Asus Myanmar မှ သတင်းရရှိသည်။

စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလခန့်တွင် ဖြန့်ချိသွားမည်ဟု ဆိုသည်။ Zenfone 3 (ZE 520 KL) 5.2/4G/64G ကို ဒေါ်လာ ၃၂၇ ဝန်းကျင်ဖြင့် လည်းကောင်း၊ Zenfone 3 Max (ZC 520TL) 5.2/3G/ 32 G ကို ဒေါ်လာ ၁၈၇ ဖြင့်လည်းကောင်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ Asus အနေဖြင့် မြန်မာနိုင်ငံ ဈေးကွက် အတွင်း ထုတ်ကုန်သစ်များ၊ နည်းပညာမြင့်များကို ပြည်တွင်းဈေးကွက်သို့ တွင်တွင်ကျယ်ကျယ် ဖြန့်ချိသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဈေးကွက်က သက်တမ်းနုနေပါသေးတယ်၊ နာမည်ကြီးဖုန်းတံဆိပ်တွေ မဝင်သေးတာတွေ ရှိပါသေးတယ်၊ Asus အနေနဲ့ ပြည်တွင်းလိုအပ် နေတဲ့ လိုအပ်ချက်နဲ့နည်းပညာတွေကို ဖြန့်ချိသွားမယ်” ဟု Asus မှ တာဝန်ရှိသူက ဆိုသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်ကြီးထွားမှု အရှိန်အဟုန်မြင့်လာ ကြောင်း၊ သို့သော်လည်း နည်းပညာ ဟောင်းများကို အသုံးပြုခဲ့သည်များရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယင်းနည်းပညာဟောင်းများမှ အမြင့်ဆုံးနည်းပညာသို့ ကျော်ဖြတ်အသုံးပြုလာနေပြီဖြစ်ကြောင်း၊ ယခုနှစ်အတွင်း 4G LTE စနစ် စတင်အသုံးပြု လာနိုင်ခဲ့ပြီဖြစ်ကာ အသုံးပြုသူအများစု 2G မှ 4G သို့ ခုန်တက် အသုံးပြုနိုင်ခဲ့ကြောင်း Asus မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်ကို သုံးသပ်သည်။ Zenfone Series များ မြန်မာနိုင်ငံ၏ ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍ specifications များ ကွဲပြားနိုင်ကြောင်း ဆိုသည်။

“မြန်မာဈေးကွက်ကိုဖြန့်တဲ့အခါ ဈေးကွက်ရဲ့လိုအပ်ချက်ကဘာတွေရှိမလဲ၊ Asus အနေနဲ့ထုတ်ကုန် တွေများပေမယ့် ဘယ်ထုတ်ကုန်က မြန်မာဈေးကွက်နဲ့ အဆင်ပြေ မလဲ ဆိုတဲ့အပေါ်မူတည်ပြီးတော့ ဖြန့်ချိသွားမှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။ Zenfone 3 series များကို အရှေ့တောင်အာရှ ဈေးကွက်သို့ ဖြန့်ချိရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာ၊ ကမ္ဘောဒီးယား စသည့် မီဒီယာ များကို ဖိတ်ကြားခဲ့ပြီး အာဆီယံနိုင်ငံအချို့တွင် ဖြန့်ချိမည့် ဈေးကွက်အခြေအနေ များကိုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


Leave a Reply