ညောင်ဦးရေဘေးရှောင်ပြည်သူများအတွက် တိုင်းဒေသကြီး ပါတီမှ ရေသန့်စက်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးတွင် မြို့နယ်အတွင်းရှိ မြစ်လယ်ကျွန်းကျေးရွာခုနစ်ရွာမှ ရေဘေးရှောင်ပြည်သူများအတွက် ရေကြီးချိန်တွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် သောက်သုံးရန်အတွက် ရေကောင်းရေသန့်ရရှိ စေရန်ရည်ရွယ်၍ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရေသန့်စက်များလှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ (၃) ရက် နံနက် ၉နာရီ က တောင်ဘီလယ်ယားကျေးရွာရှိ ကမ္မဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဝင်းမောင်က ရေသန့်စက် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ရေသန့်စက်အသုံးပြု၍ ရရှိလာမည့် အကျိုးကျေးဇူး များကို ကျေးရွာနေ ရပ်မိရပ်ဖပြည်သူများအား ရှင်း လင်းပြော ကြားသည်။

ထို့နောက် ညောင်ဦးခရိုင်ပါတီဝင်များက ရေသန့်စက် အသုံးပြုနည်းများကို ကျေးရွာနေ ပြည်သူများ သိရှိစေရန် လက်တွေ့သရုပ်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက လက်ထုတ်ကျွန်း၊ ဗုဒ္ဓကုန်းကျွန်း၊ အုန္နဲချောင်းကျွန်း၊ ဆယ်လံကျွန်း၊ မီးလောင်ဖျားကျွန်း၊ တောင်ရွာနောင် (မြောက်)၊တောင်ရွာ နောင်(တောင်)ကျေးရွာများအား ရေသန့်စက်များ အသီးသီးလှူဒါန်း ပေးခဲ့ရာ အဆိုပါကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ ရေသန့်စက်သည် သြစတြေးလျနိုင်ငံမှ ထုတ်လုပ်ပြီး စက်တစ်လုံး၏ ကာလတန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်း ၂ဝ ခန့်ရှိ ကြောင်း၊ ရေသန့်စက်မှ တစ်နာရီ လျှင် သောက်သုံးရေသန့် လီတာ ၉ဝ ခန့်ထွက်ရှိကြောင်း သိရသည်။

ရဲသူရအောင်(ညောင်ဦး)


Leave a Reply