ရီယိုအိုလံပစ်တွင် နာဒယ်ပါဝင်မည်ဖြစ်သော်လည်း ဝေါ်ရင်ကာလွဲချော်

Spain's Rafael Nadal gestures during a training session at the Olympic Tennis Centre in Rio de Janeiro on August 2, 2016, ahead of the Rio 2016 Olympic Games. / AFP PHOTO / LUIS ACOSTA

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဟု စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က အတည်ပြုပြောသော်လည်း ဆွစ်ဇာလန်မှ စတန်ဝေါ်ရင်ကာကမူ ကျောဒဏ်ရာကြောင့် အိုလံပစ်ပြိုင်ပွဲကို လွဲချော်တော့မည်ဖြစ်သည်။

၂၀၀၈ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာဒယ်သည် လက်ကောက်ဝတ်ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းမှ နုတ်ထွက်ခဲ့ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ကာ အိုလံပစ်ပွဲအမီ ပြန်ကောင်းမည် လားဆိုခြင်းကို သံသယ ရှိခဲ့ကြသည်။

သို့သော် ရီယိုဒီဂျနေးရိုးမြို့တွင် အသင်းဖော် ဒေးဗစ်ဖာရာနှင့် နှစ်ရက်တာလေ့ကျင့်ပြီးနောက် အိုလံပစ်ပွဲ၌ ကစားရန် အဆင်သင့်ဖြစ်နေပြီဟု နာဒယ်က ကြေညာသည်။

 ‘‘ကျွန်တော့်လက်ကောက်ဝတ်က အကောင်းဆုံးအနေအထားမှာ မရှိပါဘူး။ အိုလံပစ်ပြိုင်ပွဲအတွက်မှ မဟုတ်ရင် ကျွန်တော် စွန့်စားမှာ မဟုတ်ပါဘူး’’ဟု နာဒယ်က ပြောသည်။

သို့သော်မိမိ၏ အသင်းခေါင်းဆောင်နှင့် အသင်းသားများအား ဆွေးနွေးပြီးနောက် အိုလံပစ်တွင် တစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲအားလုံး၌ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်ဟု နာဒယ်က ပြောသည်။

ထိုအတောအတွင်း ဆွစ်ဇာလန်တင်းနစ်သမား စတန်ဝေါ်ရင်ကာကလည်း နောက်ကျောဒဏ်ရာကြောင့် နုတ်ထွက် သွားသည်။ ဆွစ်ဇာလန်အသင်းမှ ဖက်ဒဲရာ နှင့် ဘင်ဆစ်တို့လည်း ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့သည်။

‘‘ကျွန်တော်အလွန်ဝမ်းနည်း ပါတယ်’’ဟု  ပြင်သစ်အိုးပင်းနှင့် သြစတြေးလျ အိုးပင်းချန်ပီယံဟောင်းက ပြောသည်။

 နာမည်ကြီးကစားသမား အများအပြား နုတ်ထွက်မှုနှင့် ရင်ဆိုင်နေရသော အိုလံပစ်တင်းနစ်ပြိုင်ပွဲသည် ယခုထပ်မံ နုတ်ထွက်မှုများကြောင့် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။

—Ref:APF


Leave a Reply