အမရပူရရေဘေးသင့်ကျေးရွာရှစ်ရွာအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ရေဝင်ရောက်ကာ ရေဘေးဒဏ် ခံစားခဲ့ရ သည့် အမရပူရမြို့နယ် အတွင်းရှိ ရေဘေးသင့်ကျေးရွာ ရှစ်ရွာမှအိမ်ထောင်စု ၁ဝ၉၅ စုအား ခေါက်ဆွဲခြောက်နှင့် ရေသန့်များကို အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သြဂုတ် (၂) ရက် နံနက် (၁ဝ) နာရီက ရွာများအရောက်သွားရောက်လှူဒါန်းခဲ့သည်။

”ကျွန်တော်တို့ပါတီအနေနဲ့ သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့နေရာတွေက ပြည်သူလူထုကို ပါတီရဲ့တတ်နိုင်တဲ့အင်အားနဲ့ အကူအညီပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ခုလိုရေဘေးဒဏ်ခံစားခဲ့တဲ့ အမရပူရမြို့နယ် က ပြည်သူတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့အတွက် ကျွန်တော်တို့ရဲ့အကူအညီတွေက အလုံးစုံပြည့်စုံမှုမရှိပေမယ့် တစ်စိတ် တစ်ပိုင်းတော့ အကူအညီရလိမ့်မယ်လို့ယူဆပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အတွင်းက အခြားမြစ်ရေဝင်ဒေသတွေက ပြည်သူတွေကို တိုင်းဒေသကြီးပါတီအနေနဲ့ တိုင်းဒေသကြီး၊ ခရိုင်နဲ့မြို့နယ်အလိုက် ရေဘေးသင့်ပြည်သူတွေကို တတ်နိုင်သမျှ ကူညီအားပေးသွားမှာပါ”ဟု တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားခဲ့သည်။

ရေဘေးသင့်ကျေးရွာများအား သွားရောက်လှူဒါန်းရာသို့မန္တလေး တိုင်းဒေကြီးပါတီ ကော်မတီဝင်ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုး ပါတီခရိုင်ဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင်ပါတီ အတွင်းရေးမှူးဦးကျော်စန်းနှင့်ခရိုင် ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ပါတီဝင်များလိုက်ပါကာ ရေဘေးသင့်ကျေးရွာများမှ ဒေသခံများအား အားပေးစကား ပြောကြားခြင်းနှင့် ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သြဂုတ် (၂) ရက်တွင် သွားရောက်လှူဒါန်းခဲ့သော ကျေးရွာများမှာ တပ်ကြီး၊ ဘုန်းတော်၊ ကြည့်မြင်တိုင်၊ ဆေးအိုးဘို၊ ဖရဲကျွန်း၊ ရဲလွန်းကျော်၊ ချင်းရွာ၊ ဘနောနှင့်လိပ်ဆံခွန်စသည့် ကျေးရွာတို့ ဖြစ်ကြပြီး ယခုလ ၃ ရက်တွင်လည်း မြို့နယ်အတွင်းရှိ မှန်တန်း၊ တောင်ကြီး၊ ရွှေဂွမ်းထုတ်၊ ရွှေကြက်ယက်၊ ဟင်္သာနှင့် ငယ်တိုးကျေးရွာများအား ကျေးရွာ အရောက်သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သုတ (မန္တလေး)
Photo – Zaw Aung Htet fb


Leave a Reply