ကျန်းမာရေးအခြေအနေကြောင့် ရိုက်ကူးရေး၂ လနားမယ့် ဟိန်းဝေယံ

ဟိန်းဝေယံက ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ၂ လကြာနားထားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ရက်နေ့က နှလုံးအားနည်းပြီး ရုတ်တရက်သွေးပေါင်ကျလာတဲ့အတွက် သျှင်ပါကူဆေးရုံမှာ ၂ရက်ကြာ တက်ရောက်ဆေးကုသခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဟိန်းဝေယံက ဆိုပါတယ်။

” ကျွန်တော်က ဟိုအရင်ကတည်းက နည်းနည်းနှလုံးအားနည်းတယ်။ ပင်ပန်းထားတာလည်းပါတယ်။ အဲဒီနေ့က သွေးပေါင်ကျလာတော့
ရုတ်တရက်ဖြစ်သွားတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ မျှော်စင်ကျွန်းမှာဆိုင်ထိုင်ပြီး ပြန်လာတဲ့အချိန် ရုတ်တရက်ဖြစ်သွားတာ နည်းနည်းစိုးရိမ်သွားတာလည်းပါတယ်။ ကျွန်တော့်အမေဆိုလည်း နှလုံးရောဂါရှိတယ်။ ကျွန်တော့်အဒေါ် တစ်ယောက်ဆိုလည်း နှလုံးရောဂါနဲ့ ဆုံးသွားတာ။ ဆရာဝန်က ကျွန်တော့်ကို ၂လလောက်နားခိုင်းထားတယ်။ အရင်တုန်းကလည်း ဖြစ်ဖူးတယ်။ ဒီလောက်ထိ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ဖူးဘူး” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ဟိန်းဝေယံက ရိုက်ကူးနေကျပုံစံ နဲ့မတူတဲ့ ဇာတ်လမ်းပုံစံမျိုးတွေ ရိုက်ကူးလာတာကိုလည်း တွေ့ရပြီး အရင်တုန်းကတော့ ဒရာမာနဲ့ ဇာတ်လမ်းအေးအေး ပုံစံတွေကိုပဲ ရိုက်ကူးဖြစ်ပေမယ့် အခုအချိန်မှာတော့ ခပ်မာ မာဇာတ်လမ်းပုံစံမျိုးကို ရိုက်ကူးဖြစ်နေကြောင်း ဟိန်းဝေယံက ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေကို ၂ လကြာနားပြီးရင် တော့ ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

တွယ်တာ


Leave a Reply