ထိုင်းအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲရလဒ် ကြိုတင် မခန့်မှန်းနိုင်

ထိုင်းစစ်အစိုးရ၏ ရွေးကောက်ပွဲသစ်များ ကျင်းပရေးလမ်းပြမြေပုံ (Roadmap) ၏ အရေးပါသော အပိုင်းဖြစ်သည့် ထိုင်းအခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ သန်း ၅ဝ က မည်သည့်ဘက်ကို ရွေးမည်ဆိုခြင်းမှာ မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း စစ်တမ်းများကို ကိုးကားပြီး VOA သတင်းက ဖော်ပြသည်။ စစ်တမ်းများအရ မဲဆန္ဒရှင် ၆ဝ ရာခိုင်နှုန်းမှာ မည်သည့်ဘက်ကို ပေးရမည်မှန်း မဆုံးဖြတ်ရသေးဟု ဆိုသည်။

New Picture (2)

၂ဝ၁၄ ခုနှစ်ကတည်းက အာဏာသိမ်းထားသည့် စစ်အစိုးရသည် အခြေခံ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုများကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး “ကန့်ကွက်မဲ” ပေးရေး လှုံ့ဆော်သူများကို ဖမ်းဆီး မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသားများပါ အဖမ်းခံခဲ့ရသလို သတင်းမီဒီယာ တိုက်များကိုပါ ဝင်ရောက် စီးနင်းခဲ့သည်။

အခြေခံဥပဒေမူကြမ်းတွင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကို လျှော့ချထားသည်ဟုပါ စွပ်စွဲချက်များ ထွက်ပေါ် နေသော်လည်း အစိုးရက ငြင်းဆိုထားသည်။ မကြာသေးမီ ရက်သတ္တပတ်များတွင်မှ စစ်အစိုးရသည် အခြေခံ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အစိုးရအထောက်အပံ့ခံ ရုပ်သံ TPBS တွင် ဆွေးနွေးမှုများ ပြုလုပ်ခွင့်ပေးခဲ့သည်။

ပြည်သူအများ မဲသွားပေးကြရန်  စစ်အစိုးရက နှိုးဆော်ထားသော်လည်း “ထောက်ခံ”၊ “ကန့်ကွက်” မဲမပေးမီ အပိုဒ်ခွဲ  ၂၇၉  ပိုဒ်ပါ မူကြမ်းကို ဖတ်ရှုခွင့်ရသူ အနည်းငယ်သာရှိသည်ဟု လေ့လာသူတို့က သုံးသပ်သည်။

ဆွေးနွေးငြင်းခုံမှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်း၊ “ကန့်ကွက်” မဲပေးရန် နှိုးဆော်သူများကို ဖမ်းဆီးခြင်း တို့ကြောင့် လူထုသည် သတင်းအချက်အလက် လုံလောက်စွာ မရရှိဘဲ ဖြစ်နေသည်ဟု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဟောင်း တက္ကသိုလ်၏ ကထိက ဂိုသွန်အာယာက သုံးသပ်သည်။

“ကန့်ကွက်” မဲပေးရန် လှုံ့ဆော်သူ ၈၆ ဦးထက်မနည်း ဖမ်းဆီးခဲ့သလို ကန့်ကွက်သူများကို ဒဏ်ကြေးနှင့် ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေများလည်း ပြဋ္ဌာန်းထားသည်။ ယခုအခြေခံဥပဒေကိုသာ အတည်ပြုနိုင်ပါက လာမည့်လွှတ်တော်တွင် စစ်ဘက်လွှမ်းမိုးမှု ပိုမို အားကောင်းလာ မည် ဖြစ်သည်။

အောက်လွှတ်တော်အမတ် နေရာ  ၅ဝဝ အတွက် ယှဉ်ပြိုင်ခွင့်ရသူများ ရွေးချယ်မှု တင်းကျပ်ထားသလို အသွင် ကူးပြောင်းရေး ၅ နှစ်တာအတွင်း အထက်လွှတ်တော်တွင် အဓိက စစ်ခေါင်းဆောင်များ အပါအဝင် ခန့်အပ်သူ ၂၅ဝ ဖြင့် ဖွဲ့စည်းမည့် အထက်လွှတ်တော် ထားရှိမှုမှာလည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လွှတ်တော် နှစ်ရပ်ပေါင်းပြီး ဝန်ကြီးချုပ်ကို ရွေးချယ်ရမည်ဖြစ်ကာ အောက်လွှတ်တော်မှရွေးသည့် ပုံစံမျိုးဟုတ်တော့မည် မဟုတ်ပေ။

စစ်ဘက်ကတင်းတင်းကျပ်ကျပ်ကိုင်တွယ်မှုကြောင့် လူထု၏အဆိုးတုံ့ပြန်မှုနှင့်ရင်ဆိုင်ရနိုင်သည်ဟု ဒီမိုကရက်တစ် ပါတီဝင် အထက်လွှတ်တော် အမတ်ဟောင်း ခရိုင်ဆက်ချွန်ဟာဗန်က သုံးသပ်သည်။

The Voice


Leave a Reply