ပထမဆုံးပြုလုပ်သည့် နိုင်ငံရေးစာတမ်းဖတ်ပွဲမှ စာတမ်း ၁၈ စောင်ကို စာအုပ်အဖြစ်ထုတ်ဝေမည်

အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက ပထမဆုံးပြုလုပ်သည့် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း ၁၈ စောင်ကို စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ သိမ်ဖြူလမ်းရှိ ပုံနှိပ်ထုတ်ဝေရေးအဆောက်အအုံ၌ ပြုလုပ်သည့် အဆိုပါ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်အရောင်းပွဲတွင် တစ်ရက်လျှင် စာတမ်းဖတ်ကြားသူ ခြောက်ဦးနှုန်းဖြင့် ၁၈ စောင် ဖတ်ကြားခဲ့သည်။

 ‘‘ ဒီစာတမ်းဖတ်ပွဲပြီးတာနဲ့ ချက်ချင်းပဲ  စာအုပ်လုပ်နိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေတယ်။ ဘယ်အချိန်ထွက်မှာလဲ သေချာပြောလို့မရသေးပေမယ့် အမြန်ဆုံးထွက်အောင် ကြိုးစားမှာပါ’’ဟု စာပေဗိမာန် စာတည်းတာဝန်ခံ ဦးစိုးမြင့်သန်းက ပြောသည်။

၁၉၆၂ တွင် စစ်အစိုးရကအာဏာသိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနသည် ဝါဒဖြန့်ချိရေးများသာ လုပ်ဆောင်လာပြီး ယခုအစိုးရသစ်လက်ထက်၌ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲ ပထမနေ့ ဇူလိုင် ၂၉ ရက်တွင် ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) က နဂါးနီ၏ နိုင်ငံရေးစာပေ၊ ဒေါက်တာကျော်ဝင်း (ပါမောက္ခငြိမ်း)က ၁၉၄၇  ခုနှစ် အခြေခံဥပဒေနှင့် ခွဲထွက်ခွင့် ပြဿနာများ၊ ဦးဇော်သက်ထွေး က အာဏာရှင်ခေတ်တွင် ပြည်ပရောက်သွားသော စာရေးဆရာများ ရေးသားထုတ်ဝေခဲ့သည့် နိုင်ငံရေးစာပေ စာအုပ်များ၊ မုံရွာအောင်ရှင်က ၁၉၆၂ ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ နိုင်ငံရေးကဗျာများ၊ ဦးမြင့်ဆွေ(မြင့်ဆွေဦး)က နိုင်ငံရေးစာပေအစနဂါးနီက၊ ဦးကျော်မင်းယု (ဂျင်မီ)က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပါအဝင် နိုင်ငံရေး စာပေများ ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်းတို့ကို ဖတ်ကြားခဲ့သည်။

ဇူလိုင် ၃၀ရက်တွင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ရှေးခေတ်မြန်မာ့နိုင်ငံရေး၊ ဦးသန်းဌေး (သင့်နော်) က လက်လှမ်းမီသမျှ နိုင်ငံရေးစာပေအင်အားစုသို့ ချဉ်းကပ်ခြင်း၊ ဦးအောင်မြင့်ဦး (အောင်မြင့်ဦး-လူထု)က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မိန့်ခွန်းများထဲမှ အဘိဓမ္မာ၊ ဦးအေးမောင် (အေးမောင်ကျော်) က လစ်ဘရယ် ဒီမိုကရေစီကောက်ကြောင်းနှင့် မြန်မာ့အကူးအပြောင်း၊ ဦးမိုးမြင့်ဝင်း (မိုးမြင့်ဝင်း-နည်းပညာ)က ဖဆပလ ဝန်ကြီးချုပ် သခင်နု ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကို လေ့လာသုံးသပ်ချက်၊ ဦးကျော်ဇံလှ (ညီစေမင်း)က နိုင်ငံရေးစာပေ များကပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ စသည့်စာတမ်းများ ဖတ်ကြားခဲ့သည်။

ဇူလိုင် ၃၁ ရက်တွင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က နိုင်ငံတကာ နိုင်ငံရေးခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ (ပြည်ပ)၊ ဦးသန်းအုန်း(မောင်ဇေယျာ)က မြန်မာ့နိုင်ငံရေး အတ္ထုပ္ပတ္တိစာပေ၊ ဦးရဲနိုင်အောင် (ကိုဝ)က နိုင်ငံရေး ဘောဂဗေဒစာပေများ၏ နိုင်ငံရေးအကျိုးသက်ရောက်မှု၊ ဦးမော်လင်းက မြန်မာ့နိုင်ငံရေးနှင့် စာနယ်ဇင်းများ၊ ဦးဇော်လင်း (လင်းအေး)က မြန်မာနိုင်ငံ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများနှင့် မြန်မာ့စာပေ (၁၉၀၀-၁၉၄၀)၊ ဦးကိုကိုလှိုင်က ခေတ်ပြိုင်နိုင်ငံတကာ နိုင်ငံရေး အတွေးအခေါ်များ စသည့်စာတမ်းတို့ကို ဖတ်ကြားခဲ့သည်။

7 Day Daily


Leave a Reply