မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများတွင် ငွေပေးချေမှု လွယ်ကူစေရန်အတွက် ကတ်ဖြင့် ငွေပေးချေနိုင်သည့် စနစ်ကို ထူထောင်ရန်စီစဉ်နေဟုဆို

မြန်မာနိုင်ငံ အပါအ၀င်အာဆီယံနိုင်ငံများတွင် ငွေပေးချေမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကတ်ဖြင့် ငွေပေး ချေနိုင်သည့်စနစ်ကို ထူထောင်ရန် ဒေသတွင်း နိုင်ငံများက စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်တော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်ခင်စောဦး၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် (၃၁) ရက်က HAGL Complex (ရန်ကုန်)တွင် ကျင်းပခဲ့သည့် “ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄)နိုင်ငံ-ခရီးစဉ်ဒေသတစ်ခု” ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်း များပိုမိုကျယ်ပြန့်စွာ ပေါင်းစည်းဆောင်ရွက်ခြင်းဆိုင်ရာ ကွန်ဖရင့်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်တော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်ခင်စောဦးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံအခြေစိုက်၊ ASEAN Payment Settlement ကိုတည်ထောင်ပြီးတော့ အဲဒီမှာ အာဆီယံနိုင်ငံတွေ အားလုံးပါဝင်တဲ့ကတ်ကိုလည်း ASEAN Payment Switch ကို တည်ထောင်ပြီးတော့ အာဆီယံနိုင်ငံတိုင်းမှာ သုံးနိုင်အောင်ဆိုပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဒေါ်ခင်စောဦးကပြောသည်။

အဆိုပါ ကတ်စနစ်သည် လက်ရှိ မြန်မာ့ပေးမန့်ယူနီယံ (MPU) အဖွဲ့ဝင်ဘဏ်များမှထုတ်သည့် MPU ကတ်များအား အခြားအဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် ထုတ်ယူနိုင်သကဲ့သို့ အာဆီယံနိုင်ငံများအနေဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများသည် အာဆီယံ မူဘောင်အောက်ရှိ ဘဏ်လုပ်ငန်း ကဏ္ဍများပူးပေါင်း ဆောင်ရွက်မှုများတွင် ကောင်းမွန်တိုးတက်မှုများ ရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် သဘောတူညီခဲ့ကြပြီး နိုင်ငံ အချင်းချင်း ဘဏ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်စေရေးအတွက် လုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်း၍ လုပ်ငန်းအဖွဲ့အား Trems of Reference (ToR) ရေးဆွဲရန်နှင့် ယင်းအား ၂၀၁၆ နိုဝင်ဘာလတွင် မြန်မာနိုင်ငံတွင် ကျင်းပမည့်အရှေ့ တောင်အာရှ ဗဟိုဘဏ်များအစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း ကျင်းပမည့် လေးနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးသို့တင်ပြရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် လေးနိုင်ငံအကြား ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းနှင့် ကြီးကြပ်ထိန်း ကျောင်းခြင်းနှင့် နည်းပညာလုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီ ခဲ့သည်။
‪Democracytoday


Leave a Reply