တောင်တရုတ်ပင်လယ်တွင် ရုရှားနှင့်ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဟု တရုတ်ကြေညာ

frew

ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေသည့်တိုင် တောင်တရုတ် ပင်လယ်ထဲတွင် ရုရှားနှင့် ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်သွားမည်ဟု တရုတ်က ကြေညာခဲ့သည်။

ယခုလ အစောပိုင်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ သမာဓိ ခုံရုံးက တောင်တရုတ် ပင်လယ်၏ ဧရိယာ အားလုံးနီးပါးကို ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် တရုတ်၏ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး နောက်ဆက်တွဲ အခြေအနေအဖြစ် တရုတ်က ယခုစစ်ရေးလေ့ကျင့်မှုကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရက အဆိုပါ စီရင်ချက်ကို မျက်ကွယ်ပြုထားမည်ဟု အခိုင်အမာ ပြောကြားထားသည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားနှင့် ပူးပေါင်းပြီး စက်တင်ဘာလတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်မှုကို မြှင့်တင်ရန်သာဖြစ်ပြီး တတိယ နိုင်ငံတစ်ခုကို ဦးတည်သည့် သဘောထားမျိုး မရှိဟု ဆိုသည်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ယန်ယူဂျွန်က “တောင်တရုတ် ပင်လယ်ထဲက ရေပြင်၊ ဝေဟင် ဧရိယာမှာ စစ်ရေးလေ့ကျင့်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ သော်လည်း နေရာသတ်မှတ်ချက်ကို အတိအကျ မထုတ်ပြန်ခဲ့ချေ။

တရုတ်နှင့် ရုရှားတို့သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ရေတပ်ချင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပိုမို ပြုလုပ်လာခဲ့ပြီး ယင်းသည် နှစ်နိုင်ငံလုံး၏ ပြိုင်ဘက် အမေရိကန် ပြည်ထောင်စုက အာရှ-ပစိဖိတ်တွင် ဩဇာ လွှမ်းမိုးနေမှုကို တွန်းလှန်လိုသည့် အရိပ်အခြေမျိုး ဖြစ်နိုင်ကြောင်း ကမ္ဘာ့အရေး အကဲခတ်များက မှတ်ချက် ပေးထားသည်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုသည် လက်ရှိခေတ်၏ နိုင်ငံတကာ အရှုပ်အထွေးတစ်ခု ဖြစ်လာပြီး တရုတ်သည် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အခြေအတင် ငြင်းခုံမှုများ ရှိနေသည်။

တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ လူမနေသော ကျွန်းများနှင့် သန္တာကျောက်တန်းများကို အခြေပြုကာ သဲကျွန်းတုများ အားဖြည့်ပြီး ပင်လယ်ပြင် အခြေစိုက် စစ်စခန်းနှင့် လေယာဉ်ပြေးလမ်းများ တည်ဆောက်နေသော ကြောင့် ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာပြီး ဖိလစ်ပိုင်က ယင်းကိစ္စကို ကြားဝင် ဖြေရှင်းပေးရန် ဟိဂ်မြို့၊ သမာဓိ ခုံရုံးသို့ အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

Ref: BBC


Leave a Reply