အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပါက မည်သည့်တိုင်းရင်းသားမျှ ခွဲထွက်မည်မဟုတ်ဟု နိုင်ဟံသာ ပြောကြား

ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမည်ဆိုပါက မည်သည့် တိုင်းရင်းသားကမျှ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့အပြီး၌ ပြောကြားသည်။

Naing Han Thar

‘‘ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ တပ်မတော်က အရင်က တော်တော်လေးကို ဆန့်ကျင်ခဲ့တယ်။ ကျွန်တော်တို့ ဒီ NCCT အနေနဲ့ ဆွေးနွေးတုန်းကလည်း တပ်မတော်က ဆန့်ကျင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ တပ်မတော်ကလည်းဖက်ဒရယ်မူကို လက်ခံတယ် တစ်ပိုင်းပေါ့နော်။ တစ်ဖက်က တပ်မတော် ဘက်က စိုးရိမ်နေတဲ့အပိုင်းကတော့ ခွဲထွက်ရေးပေါ့နော်။ အမှန်က ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးအနေနဲ့ရော၊ ဒီတိုင်းရင်းသား နိုင်ငံရေး ပါတီတွေကရော ခွဲထွက်ရေးကို ဘယ်အဖွဲ့ကမှ တောင်းဆိုတာ မရှိပါဘူး။ အဓိက ကျွန်တော်တို့ တောင်းဆိုတာကတော့ ဒီအနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဒီမိုကရေစီ အခွင့်အရေးရှိရမယ်။ အမျိုးသားတန်းတူအခွင့်အရေးရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ အဲဒီလို အခြေခံတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့။ အဲဒါကိုပဲ ကျွန်တော်တို့တောင်းဆိုနေပါတယ်။ ကနေ့ အနေအထားမှာ အဖွဲ့အစည်းတစ်ခုက ခွဲထွက်လိုက်ရင် ဒါက အန္တရာယ်ဆိုတာ တော်တော်လည်း များပါတယ်။ ဘယ်သူမှ ခွဲထွက်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ပေါ့လေ သူတို့အဓိက လိုလားတဲ့၊ သူတို့ အမျိုးသားရေးဆိုင်ရာ ရသင့် ရထိုက်တဲ့အခွင့်အရေး၊ တစ်ဖက်က ပြောမယ်ဆိုရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အနေ အထားဆိုရင် ဘယ်အဖွဲ့ကမှ ခွဲထွက်မယ်မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ အာမခံရဲပါတယ်လို့ ပြောချင် ပါတယ်’’ ဟု နိုင်ဟံသာက ဆိုသည်။

အစည်းအဝေး ဒုတိယနေ့တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူ ရှစ်ချက်ကို အစုအဖွဲ့ အားလုံးက လက်ခံပြီး အသေးစိတ်အချက်အလက်များ ဆက်လက်ဆွေးနွေးရန် သဘောထားချမှတ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့်မူများကိုလည်း ဆွေးနွေးခဲ့ပြီး အသေးစိတ် ဆက်လက်ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

7 Day Daily


Leave a Reply