မိုင်ဂျာယန်အစည်းအဝေး တတိယနေ့တွင် အခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားအဖြစ် စုစည်းခဲ့ ဟုဆို

မိုင်ဂျာယန်တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့တွင် အခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထား အဖြစ် စုစည်းခဲ့ကြောင်း သိရသည်။

ဇူလိုင် (၂၈) ရက်တွင်ကျင်းပသည့် အဆိုပါမျက်နှာစုံညီအစည်းအဝေး တတိယနေ့ကိုကျင်းပခဲ့ပြီး ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အား လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ တင်သွင်းလာသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံမူများ စာတမ်းနှစ်စောင်အပေါ် အခြေခံပြီး ဆွေးနွေးခဲ့ကြောင်း တတိယနေ့အစည်း အဝေးအပြီးတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတင်သွင်းလာသည့် စာတမ်းများအပေါ်အခြေခံ၍ အစည်းအဝေးမှ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အခြေခံရမည့် မူများ အဖြစ် ပြည်ထောင်စုတပ်မတော်အား အရပ်ဘက်အုပ်ချုပ်မှု အောက်တွင်ထားရှိရေး၊ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံသားများကာကွယ်ရေး အပါအ၀င် အခြားအခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားစုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အခြေခံမူများကို စုစည်းရန်အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။

အစည်းအဝေးတတိယနေ့တွင် သဘာပတိအဖြစ် ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်က ဆောင်ရွက်ခဲ့ပြီး တွဲဖက်သဘာပတိများအဖြစ် ရခိုင်အမျိုးသားကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် မန်းကျော်ငြိမ်းတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Democracytoday


Leave a Reply