ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်အစိုးရ လက်ထက်က အသိအမှတ်ပြုထားရှိသည့် လယ်မြေပြဿနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေစိုးမိုးရေး စောင့်ကြည့်မှုအဖွဲ့များအား အစိုးရသစ် လက်ထက်တွင် ဆက်လက် မထားရှိတော့ဟု သိရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ဝန်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရမှ အသိအမှတ်ပြုထားရှိကာ လုပ်ပိုင်ခွင့်အချို့ ပေးထားခဲ့သော အစိုးရအဖွဲ့ မဟုတ်သော လယ်ယာမြေပြသနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး လေ့လာစောင့်ကြည့်မှုအဖွဲ့များအား ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆက်လက် မထားရှိတော့ကြောင်း သတင်းရရှိသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟု အမည်ရှိသော ယခင်အစိုးရ လက်ထက်တွင် မြို့နယ်အလိုက် ဖွဲ့စည်းခဲ့သည့် တရားရုံး စောင့်ကြည့်လေ့လာမှုများ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်လေ့လာပြီး အစိုးရဌာနဆိုင်ရာများနှင့်  ယှဉ်တွဲလုပ်ဆောင်စေခဲ့သည့်အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေပြဿနာများဖြေရှင်းရေး အထောက်အကူပြုအဖွဲ့ဟု အမည်ရှိသော လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများနှင့် လယ်သမားများ၏ အခက်အခဲများကို အချက်အလက်များ ကောက်ယူစေပြီး အစိုးရအဖွဲ့ထံ တင်ပြစေခဲ့သည့် အဖွဲ့တို့အား လက်ရှိ အစိုးရသစ် လက်ထက်တွင် အသိအမှတ်ပြု ဆက်လက်မထားရှိတော့ကြောင်း၊ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက်တွင် အစိုးရအဖွဲ့မှ ကြီးမှူး၍ ဖွဲ့စည်းပေး လုပ်ပိုင်ခွင့်ပြုထားသော မည်သည့်အဖွဲ့အစည်းမှ မရှိသေးကြောင်း တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

“အခုကျွန်မတို့အစိုးရအဖွဲ့လက်ထက်မှာ အစိုးရက ဦးဆောင်ပြီးဖွဲ့တဲ့ အဖွဲ့အစည်းရယ်လို့ မရှိပါဘူး။ အရင်အစိုးရ သက်တမ်းမှာ ဌာနဆိုင်ရာတွေကို စာထုတ်ပြီးတော့ တရားဝင်ပုံမျိုးနဲ့ လုပ်စေတဲ့ အဖွဲ့အစည်းအချို့ကိုလည်း ဆက်လက် အသိအမှတ်မပြုပါဆိုတဲ့အကြောင်းကို အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးပါပြီ။ သက်ဆိုင်ရာ အစိုးရဌာန တွေကိုလည်း အကြောင်းကြားစာတွေ ပေးပို့ထားပြီးပါပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

အဖွဲ့အစည်းများအား အသိအမှတ်မပြုကြောင်း ဆုံးဖြတ်မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးဝင်းက “လယ်ယာမြေ ပြဿနာများ ကူညီဖြေရှင်းရေးအဖွဲ့ကို အသိအမှတ်မပြုဘူး ဆိုတာကတော့ ပြဿနာမရှိဘူး။ လယ်ယာမြေ ပြဿနာတွေနဲ့ ပတ်သက်ရင် လယ်သမားသမဂ္ဂအနေနဲ့ အစိုးရဆီကို တင်ပြလို့ရတယ်။ တရားဥပဒေစိုးမိုးရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ကို အသိအမှတ်မပြုတာတော့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့ဟာ ဌာနဆိုင်ရာတွေရဲ့ မှားယွင်းမှုတွေ ပြည်သူတွေရဲ့အခွင့်အရေးတွေကို လေ့လာပြီးတော့ ဖြေရှင်းပေးဖို့ အစိုးရဆီကို တင်ပြဖို့ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။ အစိုးရအနေနဲ့ ဌာနဆိုင်ရာတွေက တင်ပြမှုကိုပဲ သိနေရပြီး ပြည်သူတွေက တင်ပြမှုကို မသိရရင် ဘာမှလုပ်လို့ မရဘူး ဒီလို အသိအမှတ်မပြုပါဘူးဆိုတာ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ စောင့်ကြည့်ဝေဖန် ပြောဆိုခွင့်ကို အသိအမှတ်မပြုတာဘဲ ဒီမိုကရေစီအစိုးရအနေနဲ့ ဒီမိုကရေစီကို အသိမှတ်မပြုတာလဲ ဖြစ်နေတယ်၊ ကျွန်တော်တို့ကတော့ သူတို့ အသိအမှတ်ပြုပြု မပြုပြု ဆက်လက်ရပ်တည်သွားမယ်”ဟု ဦးအောင်မိုးဝင်းက ပြောကြားသည်။

အစိုးရအဖွဲ့က အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ရသည့် အဖွဲ့များနှင့် ပတ်သက်၍ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်သူ ဒေါက်တာကျော်ဆန်းသင်းက “အဲဒီအဖွဲ့က ကျွန်တော်တို့ ဆေးရုံ ကိုလည်းလာဖူးတယ်။ ပရဟိတအဖွဲ့အစည်းတစ်ခု ပြည်သူတွေသိချင်တာကို လာရောက်မေးမြန်း စုံစမ်းတဲ့ အဖွဲ့ အစည်းတစ်ခုပုံ မဟုတ်ဘဲ ရင်ထိုးတွေဘာတွေနဲ့ ဘတ်ဂျက်တွေ ဘယ်လောက်ရတယ် ဘာတွေလုပ်နေလဲ။ ဘာတွေ သုံးနေလဲဆိုတာကို ထောက်လှမ်းရေးပုံစံလိုမျိုး အာဏာပိုင်အဖွဲ့ အစည်းတွေပုံစံမျိုးနဲ့ လာစစ်တာ၊ ဆေးရုံက ၀န်ထမ်း တွေကိုလည်း သူတို့နဲ့အဆင်မပြေရင် ၀န်ကြီးချုပ်ကို တိုက်ရိုက်ပြောလိုက်မယ်ဆိုတဲ့ ပုံမျိုးနဲ့ ဆက်ဆံမှုတွေ ရှိခဲ့တယ်။ ပြည်သူ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမျိုး မေးမြန်းခြင်း အကူအညီပေးခြင်းမျိုး မဟုတ်ဘဲ လုပ်ပိုင်ခွင့်တစ်ခု ရထားတဲ့ အဖွဲ့တစ်ခုလိုမျိုး လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တာ ရှိတယ်၊ ကျွန်တော်တို့မှာ ဘတ်ဂျက်တွေ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အဆင့်ဆင့်သော စာရင်းစစ်တွေ ရှိတယ်။ ပြီးတော့ တင်ပြစရာ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။အစိုးရအဖွဲ့ အဆင့်ဆင့်ရှိတယ်။ ဒီလိုမျိုး ဆက်ဆံလုပ်ဆောင်မှုတွေကတော့ မလိုဘူးလို့ ထင်တယ်”ဟု မှတ်ချက်ပြုပြောကြားသည်။

Eleven


Leave a Reply