လူမျိုးပေါင်းစုံနေထိုင်သော တိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်ဟု သတ်မှတ်ခေါ်ဝေါ်ရန် ဆွေးနွေး

လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်အဖြစ် သတ်မှတ်ခေါ်ဝေါ်သုံးစွဲရန် မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

‘‘ကျွန်တော်တို့ ဒီဟာကို ရည်ရွယ်တာကတော့ လက်ရှိအမျိုးသားပြည်နယ် ဥပမာ ကချင်၊ ကရင်၊ ရှမ်း စသဖြင့် ဒါက ခုနစ် ပြည်နယ်ရှိပြီးသား နောက်တချို့ တိုင်းဒေသကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်ခွင် တချို့ပေါ့ဗျာ။ ဥပမာ တနင်္သာရီတိုင်းတို့၊ ဧရာဝတီတိုင်းတို့ အဲဒီတစ်ခွင်တွေမှာ။ အဲဒီတိုင်းဒေသကြီးတွေမှာ လူမျိုးပေါင်းစုံနဲ့ စုစည်းထားတဲ့ အနေအထား မျိုးဖြစ်တော့ လူမျိုးတစ်မျိုးတည်းရဲ့ နာမည်ကိုတပ်ရင် ဒါကမပြည့်စုံဘူး။ အဲဒီလို အနေအထားမျိုးမှာ အမျိုးသားများ ပြည်နယ်ဆိုပြီးတော့ နာမည်ပေးဖို့ဖြစ်တယ်’’ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက ဆက်လက်၍ ‘‘လောလောဆယ်တော့ ကျွန်တော်တို့လျာထားတာက တနင်္သာရီတိုင်းဒေသကြီးရယ်၊ ဧရာဝတီတိုင်းရယ်၊ စစ်ကိုင်းတိုင်း(မြောက်ပိုင်း)၊ ချင်းတွင်းမြစ် (အထက်ပိုင်း) ပေါ့။ အဲဒီတစ်ခွင်ကိုပဲ ကျွန်တော်တို့ လျာထားပါတယ်’’ ဟု ဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌခွန်မြင့်ထွန်းက နိုင်ငံရေးအယူအဆအရ အမျိုးသားဆိုသည့် စကားလုံးကို သုံးနှုန်းခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုကို ထူထောင်ရာတွင် လူမျိုးကို အခြေခံ၍ သတ်မှတ်မှုမျိုးကို တိုင်းရင်းသားများအနေဖြင့် လိုလားသည် ဟုဆိုသည်။

‘‘ဒါကြောင့် ရှမ်းပြည်နယ်ကို ရှမ်းအမျိုးသားများပြည်နယ်လို့ ခေါ်တာ၊ လူမျိုးအလိုက်နာမည် ဖြစ်စေချင်တာ၊ ဒါကိုခေါ်တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဆိုရင် လူမျိုးလည်းအများကြီးမရှိဘူး။ နောက်တစ်ခါ နဂိုကတည်းကိုကလည်း လူမျိုးအမည် တပ်ပြီးခေါ်ခဲ့တာမရှိဘူး။ သို့သော် ဧရာဝတီတိုင်းထဲမှာရှိတဲ့ အမျိုးသားတွေကို ကိုယ်စားပြုခေါ်ချင်တဲ့အတွက် ဧရာဝတီ တိုင်းမှာဆိုရင် ကရင်ရှိတယ်၊ ရခိုင်ရှိတယ်၊ ဗမာရှိတယ်။ အဲဒါတွေအားလုံးကို ခေါ်စေချင်တဲ့အတွက် ဧရာဝတီ အမျိုးသားများပြည်နယ် အဲဒီလိုခေါ်တာဖြစ်တယ်။ ဒါကြောင့်မို့ တစ်ဆက်တည်းပြောရရင်တော့ အစိုးရနဲ့ ညှိနှိုင်းတာက ဒါတွေဟာပြဿနာ အကြီးအကျယ်ရှိမယ်လို့ မထင်ပါ ဘူး။ ညှိနှိုင်းလို့ရပါတယ်လို့’’ ခွန်မြင့်ထွန်းကပြောသည်။

လက်ရှိအမျိုးသားပြည်နယ် ခုနစ်ခု၊ အမျိုးသားများပြည်နယ် သုံးခုခန့်နှင့် ဗမာလူမျိုးများအများ စုနေထိုင်သည့် တိုင်း ဒေသကြီးများကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်ရန် ယေဘုယျအားဖြင့် လျာထားကြောင်း အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ များကဆိုသည်။

‘‘ဥပမာ မကွေးတိုင်းဆိုရင်တော့ ဗမာပြည်နယ်ထဲကို ရောက်သွားမယ်။ မန္တလေးတိုင်း၊ မကွေးတိုင်း စသဖြင့်ပေါ့။ ဗမာအများစုမို့ အထွေအထူးတော့ ပြောဖို့မလိုဘူးလို့ ထင်ပါတယ်’’ ဟု နိုင်ဟံသာက ဆိုသည်။ ထိုအချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အသေးစိတ် ထပ်မံဆွေးနွေးရမည်ဖြစ်ပြီး သဘောတူပါက ၎င်းတို့၏ ဘုံသဘောထားအဖြစ် စွဲကိုင်ကာ အစိုးရနှင့် ဆွေးနွေးကြမည်ဖြစ်သည်။

7 Day Daily


Leave a Reply