တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်မှုအောက်တွင်ထားရန် မိုင်ဂျာယန်အစည်းအဝေးက ဘုံသဘောထားချမှတ်
အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခြေခံရမည့်မူများအဖြစ် ပြည်ထောင်စု တပ်မတော် ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးအပါအဝင် အခြေခံအချက်အချို့ကို မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေး တတိယနေ့၌ ဘုံသဘောထားအဖြစ် စုစည်းခဲ့သည်။
အစည်းအဝေးတတိယနေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က တင်သွင်းလာသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံမူ စာတမ်းနှစ်စောင်ပေါ်တွင် အခြေခံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးအပြီးတွင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အခြေခံရမည့်မူများအဖြစ် ပြည်ထောင်စုတပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံသားများအား ကာကွယ်ရေး အပါအဝင် အခြားအခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားအဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိ နေသေးသည့် အခြေခံမူများကို စုစည်းရန် အလုပ်အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ‘‘ဒီနေ့ကတော့ ကျွန်တော်တို့ ကာကွယ် ရေးနဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍ၊ ဒါကိုတင်သွင်းလာတဲ့စာတမ်းတွေကို ညီလာခံမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘုံသဘောထားတွေချမှတ်ဖို့ရာ ကျွန်တော်တို့ ဆွေးနွေး လို့ပြီးပါပြီ။ ဒီအတွက် ပတ်သက်ရင်လည်း လုံခြုံရေးကဏ္ဍလိုမျိုးကို ကျန်ရှိတဲ့အပိုင်းတွေကိုလည်း အလုပ်အဖွဲ့ ဖွဲ့ပြီးတော့ ဒါကို ကျွန်တော် တို့ပြုစုထားမယ်။ ပြုစုပြီးတော့ လေးရက်တာအစည်းအဝေးအတွင်းမှာ ဆွေးနွေးကြတဲ့ အကုန်လုံးကို ပြန်လည်ခြုံငုံပြီးတော့ ဘုံသဘောထားတွေ ချမှတ်နိုင်ဖို့အတွက် အစည်းအဝေးတစ်ရက်ကို ထပ်တိုး မှာဖြစ်ပါတယ်’’ ဟုဆိုသည်။
‘‘အခြေခံကတော့ လက်ရှိတပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ လာမယ့်အနာဂတ်မှာ၊ လာမယ့်အနာဂတ်အတွက် ဒါကိုစဉ်းစားကြတာဖြစ်ပါတယ်။ ဆိုတော့ အနာဂတ်ကို အားလုံးအကျေအလည် ညှိနှိုင်းဆွေးနွေးမှုနဲ့ နိုင်ငံရေး ဆွေးနွေးမှုရလဒ်နဲ့အညီ ဒီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ NCA မှာလည်း သဘောတူခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုရလဒ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်မယ်ဆိုရင်တော့ ဒီမိုကရေစီကို အခြေခံရမယ်။ ဖက်ဒရယ်စနစ်ကို အခြေခံရမယ်။ အဲဒီအတွက်တော့ လာမယ့်ပြည်ထောင်စုတပ်မတော်ဆိုတာ အရပ်ဘက်အုပ်ချုပ်မှုရဲ့ အောက်မှာရှိရမယ်။ ကွပ်ကဲမှုရဲ့ အောက်မှာ ရှိရမယ်။ ဒီအခြေခံအချက်ပဲဖြစ်ပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။
အစည်းအဝေးတတိယနေ့ အပြီးတွင် ယခင်ရက်များကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းမရှိပေ။ ပြောရေး ဆိုခွင့်ရှိသူများက ဆွေးနွေးသည့်ကိစ္စရပ်များ မပြီးပြတ်သေးသည့်အတွက် ရှင်းလင်းစရာများစွာ ရှိသေးသော ကြောင့် ပုံမှန်သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် လေးရက်ကြာ ပြုလုပ်ရန်စီစဉ်ထားသည့် အစည်းအဝေးကို တစ်ရက်ထပ်မံတိုး၍ ဇူလိုင် (၃၀) ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 7 Day Daily