ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇူလိုင်လ (၂၈) ရက် နံနက် ၁ဝနာရီကကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ကြပြီး ပျဉ်းမနားဈေးကုန်းကျောင်း ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရထံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားနာယူကြသည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ကြွရောက်လာကြသောသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပျဉ်းမနားဈေးကုန်းကျောင်းဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရုဘဒ္ဒန္တကဝိသာရထံမှ အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ကြွရောက်လာ ကြသော သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အေးကိုကို


Leave a Reply