ဗြိတိန် အီးယူမှ နုတ်ထွက်မည့်ကိစ္စသည် ကမ္ဘာ့စီးပွားရေး ကြီးထွားမှုအတွက် အန္တရာယ်ဖြစ်သည်ဟု ဂျီ-၂၀ နိုင်ငံများ သတိပေး

ဗြိတိန်၌ ဥရောပသမဂ္ဂ (အီးယူ) မှ နုတ်ထွက်ရန်ဘက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ အနိုင်ရရှိခဲ့ခြင်းသည် ကမ္ဘာ့ စီးပွားရေးအတွက် အန္တရာယ်များကို မီးမောင်း ထိုးပြနေသည်ဟု ဂျီ-၂၀ အဖွဲ့၏ ဘဏ္ဍာရေးအကြီးအကဲများက တရုတ်၌ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် ဇူလိုင် (၂၄) ရက်၌ ပြောကြားခဲ့သည်။

G20

“လွန်ခဲ့တဲ့လ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်က ကမ္ဘာ့စီးပွားရေးမှာ မရေရာမှုတွေ ထပ်ပြီး ပေါင်းထည့်လိုက်ပါ တယ်” ဟု ဆွေးနွေးပွဲအိမ်ရှင်ဖြစ်သော တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး လူဂျိုက်ဝေက ပြောကြားခဲ့သည်။

သို့သော် သူက အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဗြိတိန်ဆန္ဒခံယူပွဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ဖြစ်နိုင်ဖွယ်အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ကာ ကောင်းစွာ နေရာချထားပြီးဖြစ်သည်ဟု ဆိုသည်။

ယခုကိစ္စသည် စက်တင်ဘာလ၌ တရုတ်နိုင်ငံ ဟန်ကျို့မြို့တွင် ကျင်းပမည့် ဂျီ-၂၀ နှစ်ပတ်လည် ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ယခုချန်ဒူးတွင်ကျင်းပသော အစည်းအဝေး၌ ထိပ်ဆုံးအကြောင်းအရာအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခု အစည်းအဝေးမတိုင်မီ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယခုနှစ်အတွက် စီးပွားရေး ကြီးထွားမှုဆိုင်ရာ ခန့်မှန်းချက်ကို လျှော့ချခဲ့ပြီး ယခုဆွေးနွေးပွဲ တက်ရောက်လာသူများက နုတ်ထွက်မည့်ကိစ္စနှင့် ပတ်သက်၍ အီးယူနှင့် ဗြိတိန်အကြား ဆွေးနွေးမှုသည် အန္တရာယ်များကို မြင့်တက်စေလိမ့်မည်ဟု ဆိုသည်။

“သီတင်းတစ်ပတ်အတွင်း ဒါမှမဟုတ် တစ်လအတွင်း သူတို့ညှိနှိုင်းနိုင်လိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါဟာ ပိုပြီး အချိန်ယူရနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ” ဟု အမေရိကန်အကြီးတန်း ဘဏ္ဍာရေးအရာရှိတစ်ဦးက ဇူလိုင် ၂၃ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒါဟာ သိပ်ကို ထိပ်တိုက်တွေ့နိုင်တဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာမယ်ဆိုရင် ဒါက ယုံကြည်မှုပျက်ပြားဖွယ်ရာ ဖြစ် လာပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖိလစ်ဟမ်မွန်သည် ဇူလိုင် ၂၃ ရက်တွင် ဂျာမနီဘဏ္ဍာရေးဝန်ကြီး ဗာ့ဖ်ဂန် ရှအွိုင်းဘားနှင့် တွေ့ဆုံခဲ့ပြီးနောက်“ ဗြိတိန်နဲ့ ဂျာမနီပြည်သူတွေအတွက် အလုပ်လုပ်ဖို့ ကျွန်တော်တို့အ ကြားမှာ သဘောတူညီချက်တစ်ရပ် လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့သဘောတူခဲ့ပါတယ်” ဟု Twitter တွင် ရေးသား ခဲ့သည်။

Ref: AFP


Leave a Reply