မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး၊ ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို မြို့နယ် ပါတီရုံးတွင် ဇူလိုင်လ (၂၃) ရက် နံနက်(၀၉း၄၅) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းစိုးစိုးအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးသန်းဇော်လေးနှင့် ခရိုင်ပါတီ ကော်တီဝင်များဖြစ်ကြသော ဦးကျော်စွာဝင်း၊ ဦးလဒွဲ၊ မြို့နယ်ပါတီ နာယက များ၊ အကြံပေးများ၊ ရွေးချယ်တင်မြောက်ရေးကော်မရှင်နှင့် အရွေးချယ်ခံ မြို့နယ်ပါတီကော်မတီဝင်ဟောင်း (၂၀) ဦး နှင့် ရပ်/ကျေးပါတီ ပ-ဒုခေါင်းဆောင် (၃၀)ဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီများ၊ စုစုပေါင်း အင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးသိန်းထွန်း၊ ဦးဝင်းမောင်သိန်း၊ ဦးတင်အောင်တို့ (၃)ဦးမှ ဆောင်ရွက်၍ သဘာပတိ ဦးဝင်းမောင်သိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဦးကွမ်ဆန်းမှ မြို့နယ် ပါတီ၏ လုပ်ငန်း ဆောင်ရွက်ချက် နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းခြင်း၊ အစီရင်ခံစာအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကြခြင်း၊ အလှူငွေများပေးအပ်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြ သော ပြည်ခိုင်ဖြိုးပါတီ မိဘများ၏ ကျောင်းသား/သူ (၁၅)ဦးအား ဂုဏ်ပြုဆု ငွေနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခြင်းများ ပြုလုပ်ကြသည်။

ထို့နောက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို မဲနစ်ဖြင့်ရွေးချယ်ခဲ့ ကြရာ ဥက္ကဋ္ဌ အဖြစ် ဦးထွန်းကြိုင်၊ အတွင်းရေးမှူးအဖြစ် ဦးကွမ်ဆန်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးထွန်းမောင်တို့အား ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ဆက်လက်၍ နေ့လည် (၁)နာရီ အစီအစဉ်ဒုတိယပိုင်း၌ ကော်မတီဝင်များကို ဆက်လက်၍ ရွေးချယ်စေခဲ့ကြပြီး မျိုးနွယ်စုအလိုက်မဲပေးရာ မြန်မာမျိုးနွယ်စု တွင် ကော်မတီဝင်အဖြစ် ဦးချစ်မောင်၊ ဒေါ်သီတာသိန်း၊ ဒေါ်မြမြကြည် တို့အားလည်းကောင်း၊ ရှမ်းမျိုးနွယ်စုတွင် ဦးလှစိန်၊ ဦးလှကြိုင်၊ ဦးထွန်းကြည် တို့အားလည်းကောင်း၊ ကချင်မျိုးနွယ်စုတွင် ဦးတောင်လာ၊ ဦးတူးလွန်၊ ဦးအောင်ဂျာ၊ ဦးဘောက်ဆန်တို့အားလည်းကောင်း အသီးသီး အတည်ပြု ရွေးချယ်ပြီးနောက် သစ္စာဂတိပြုခြင်း၊ ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မည့် အမည်စာရင်းများကြေငြာခြင်းနှင့် သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် (၁၄း၂၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply