ကမ္ဘာ့အကြီးမားဆုံး torrent ဆိုက်တစ်ခုကို ဖြိုခွင်းရန် FBI ကို Apple ကူညီခဲ့

Apple သည် ကမ္ဘာ့အကြီးဆုံး KickassTorrents ဆိုက်ပိုင်ရှင်ကို ဖမ်းဆီးနိုင်ရန် အမေရိကန်တရားရေးဌာနသို့ သက်ဆိုင်ရာ အချက်အလက်များအား ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ Apple မှ ထောက်ပံ့ခဲ့သော အချက်အလက် များသည် ပိုလန်တွင်နေထိုင်သော ယူကရိန်းနိုင်ငံသား အာတမ်ဗော်လင်ကို ဖမ်းဆီးရာတွင် အရေးပါခဲ့သည်။

4096

အဆိုပါ KickassTorrents ပိုင်ရှင်ကို မူပိုင်ခွင့်ချိုးဖောက်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ထားသည်။ Torrent သည် BitTorrent ၏ အတိုကောက် အမည်ဖြစ်ပြီး အင်တာနက်၌ ဖိုင်များဖြန့်ချိရာတွင် အသုံးပြုသော နည်းပညာ ဖြစ်သည်။ ၎င်းကို အကောင်းအဆိုး နှစ်ရပ်လုံးအတွက် အသုံးချနေကြသည်။

အစိုးရရှေ့နေများက မစ္စတာဗော်လင်သည် ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိသော ရုပ်ရှင်များ၊ ဗီဒီယိုဂိမ်းများ၊ တီဗီအစီအစဉ်များနှင့် တေးသီချင်းအယ်လ်ဘမ်များကို တရားမဝင် ကူးယူဖြန့်ချိရာတွင် တာဝန်အရှိဆုံးသူ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Apple သည် တေးဂီတလုပ်ငန်းအတွင်း အရေးပါသည့်နေရာတွင်ရှိသောကြောင့် ဗော်လင်ကို ဖမ်းဆီးရာတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း သုံးစွဲသူ သန်းပေါင်းများစွာ၏ လုံခြုံရေးကိုချိုးဖောက်မည့် ကိစ္စများတွင်မူ အစိုးရ၏ လုပ်ရပ်ကို ဆန့်ကျင်ခဲ့သည်။

Apple ကထောက်ပံ့သော သက်သေခံမှတ်တမ်းများသည် ဗော်လင်ကိုဖမ်းဆီးရာ၌ နောက်ဆုံးပဟေဠိ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး စုံစမ်းစစ်ဆေးရေး၏ အထူးအေးဂျင့်ဖြစ်သူ ဂျာရတ်ဒါယက်ဗ် ဟိုင်ရာယန်က ဗော်လင်ကို ခြေရာခံရန် ဦးဆောင်ခဲ့သည်။ မစ္စတာဒါယက်ဗ်ဟိုင်ရာယန်သည် ဖိုင်ဝေမျှသည့် KickassTorrents (KAT) အတွက် ကြော်ငြာရှင်အဖြစ် အသွင်ယူခဲ့သည်။ KickassTorrents သည် အင်တာနက်ရှိ နာမည်အကျော်ကြားဆုံး ဆိုက် ၁၀၀ အနက် တစ်ခုဖြစ်ကြောင်း Alexa Internet မှ အချက်အလက်အရ သိရသည်။

ဒါယက်ဗ်ဟိုင်ရာယန်က Apple အီးမေးလ် trim@me.com နှင့် ဗော်လင်တို့ ဆက်စပ်နေကြောင်း သံသယရှိခဲ့ပြီး နောက် FBI က Apple ထံဆက်သွယ်ခဲ့သည်။ Apple မှထောက်ပံ့သော အချက်အလက်များအရ iTunes store တွင် တရားဝင်ငွေပေးချေမှုများပြုလုပ်ခဲ့သလို Facebook account KAT နှင့်ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့သည်။ KAT နှင့်ပတ်သက်သောအီးမေးလ် ရာပေါင်းများစွာလည်း ရရှိထားကြောင်းသိရသည်။ KAT သည် ၂၀၁၂ ခုနှစ် တွင် Bitcoin လှူဒါန်းမှုများကို လက်ခံခဲ့ပြီး Bitcoin account မှာ trim@me.comဖြင့်ပြုလုပ်ထားသည်။

၎င်းသက်သေများဖြင့် တရားရေးဌာနက ဗော်လင်ကို မသမာသည့်မူပိုင်ခွင့်ချိုးဖောက်မှုနှင့် ငွေကြေးခဝါချမှုတွင် ပါဝင် ပတ်သက်မှု အမှုနှစ်ခုဖြင့် တရားစွဲဆိုထားသည်။ ဗော်လင်ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုထား ကြောင်း သိရသည်။  Ref: BusinessInsider


Leave a Reply