မြန်မာလုပ်သားခေါ်ယူသည့် ထိုင်းကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းကိုယ်စားလှယ်ခြောက်ဦးကို အမည်ပျက် စာရင်းသွင်း

မြန်မာလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုမပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမား  စည်းမျဉ်း စည်းကမ်းများ  လိုက်နာမှုမရှိခြင်းတို့ကြောင့် မြန်မာ လုပ်သားများကို ခေါ်ယူနေသည့် ထိုင်းကုမ္ပဏီ ၂၄ ခုနှင့် ထိုင်း ကိုယ်စားလှယ်ခြောက်ဦးကို မြန်မာအစိုးရက လုပ်သားခေါ်ယူခွင့် ပိတ်သိမ်းခဲ့ပြီး အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာအစိုးရနှင့် နှစ်နိုင်ငံ သဘောတူစာချွန်လွှာ (MoU) ဖြင့် လုပ်သားခေါ်ယူနေသည့် ထိုင်းကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းကိုယ်စားလှယ် ခြောက်ဦးကို မြန်မာလုပ်သားများ ခေါ်ယူခွင့်မရှိကြောင်း ဇူလိုင် (၁၈) ရက်က အမည်ပျက်စာရင်း သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမည်ပျက်စာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ထံ ပေးပို့ ထားကြောင်း သတင်းရရှိသည်။

‘‘ထိုင်းကုမ္ပဏီ ၂၄ ခုနဲ့ သူတို့ဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းရှင်ခြောက်ဦးကို  အမည်ပျက် စာရင်း သွင်းလိုက်တယ်။ အလုပ်သမားတွေ ခေါ်ယူတဲ့အချိန်မှာ တာဝန်မကျေလို့ပေါ့။ မြန်မာဘက်ခြမ်းမှာရော၊ ထိုင်း ဘက်ခြမ်းမှာရော တာဝန်ယူရမှာတွေ မယူလို့ပေါ့’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က 7Day Daily အား ပြောသည်။

အမည်ပျက်စာရင်းသွင်းခံရသည့်  ကုမ္ပဏီများအနက်  PV ThaiPart Limited Partnership နာနတ်သီးစက်ရုံ ကုမ္ပဏီသည် မြန်မာလုပ်သားများအား အလုပ်သမားအခွင့်အရေးချိုးဖောက်ရာတွင် နာမည်ကြီးသော ကုမ္ပဏီ ဖြစ်ပြီး Waries Services Limited Partnership ကုမ္ပဏီသည် အလုပ်သမားသင်္ချိုင်းဟု နာမည်ကြီးသော ကုမ္ပဏီဖြစ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအား ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT)ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြား သည်။

ထို့အပြင် Burana Thai Limited Partnership ကုမ္ပဏီသည် အလုပ်သမားခေါ်ယူသည့် ပွဲစားများ စုပေါင်း ထားသော ကုမ္ပဏီဖြစ်ပြီး Karn Corn Co.Ltd နှင့် V & K Co.Ltd တို့မှာလည်း မြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်နေသော ကုမ္ပဏီများ ဖြစ်ကြောင်း ဦးကျော်သောင်းက ပြောသည်။

‘‘အခုပိတ်လိုက်တဲ့ ကုမ္ပဏီတွေက နာမည်ကြီးကုမ္ပဏီတွေဖြစ်နေတော့ တကယ်ပဲ ပိတ်မလား၊ အယောင်ပြပဲ ပိတ်တာလားဆိုတာတော့ စောင့်ကြည့်ရမယ်။ အရင်အလုပ်သမား သံအရာရှိ လက်ထက်ကလည်း အဲဒီလိုပိတ်ပြီး နောက်ပိုင်းပြန်ခေါ်နေတာပဲ။ ဒီသံအရာရှိ တကယ်လုပ်၊ မလုပ်ဘဲ စောင့်ကြည့်ရမယ်’’ ဟု ဦးကျော်သောင်းက ပြောသည်။

7 Day Daily


Leave a Reply