သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တစ်မျိုးကို WHO ပထမဆုံးအကြိမ် အသိအမှတ်ပြု

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုလိုက်ကြောင်းသိရသည်။ Dengvaxiaဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် ပြင်သစ်အခြေစိုက် Sanofi Pasteur သုတေသနဌာန၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးစားသုတေသနပြုမှု၏ ရလဒ် အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

New Picture

ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကလေးငယ်များအတွက် အသက် အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

လတ်တလောတွင် Dengvaxiaကို မက္ကဆီကို၊ ဘရာဇီးလ်၊ အယ်လ်ဆာဗေးဒိုးနှင့် ဖိလစ်ပိုင်တို့က တရားဝင် မှတ်ပုံတင် တင်သွင်းခွင့် ပေးထားပြီ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် WHOက ထောက်ခံချက် ပေးလိုက်ပြီဖြစ်သောကြောင့် Dengvaxiaကို ကမ္ဘာ့နိုင်ငံအမြောက်အမြားသို့တင်ပို့နိုင်ရန် လမ်းပွင့်သွားစေခဲ့သည်။

ယခု ကာကွယ်ဆေးက တစ်နှစ်တာအတွင်း သုံးကြိမ် ထိုးနှံရမည်ဖြစ်သည်။ အဆိုပါကာကွယ်ဆေးသည် ယခင်က သွေးလွန်တုပ်ကွေးဖြစ်ပွားဖူးသည့် အသက် ၉ နှစ်အထက် ကလေးများပါ ထိုးနှံနိုင်မည်ဖြစ်သည်။ Dengvaxia သည် သွေးလွန်တုပ်ကွေး ကူးစက်မှု ပေါ်ပေါက်နေသည့် နေရာမျိုးတွင် နေထိုင်သူများ၊ ထိုနေရာမျိုးသို့ ကာလတို သွားရောက်မည့် ခရီးသွားများအတွက် အထူးသင့်တော်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေနသနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ထိုင်းနိုင်ငံ ဌာနခွဲမှ ဒေါက်တာ အလိန်းဘူကန်ငူးက မှတ်ချက်ပြုခဲ့သည်။

ကွင်းဆင်းစမ်းသပ်မှုပြုလုပ်စဉ်က အဆိုပါဆေးဝါးသည် အရှေ့တောင်အာရှနှင့် လက်တင်အမေရိက နိုင်ငံများတွင် အာနိသင် ထက်မြက်မှု ၇၀ ရာခိုင်နှုန်းမျှရှိခဲ့ပြီး ဆေးရုံတက် ကုသမှုခံယူနေချိန်တွင် ထိုးနှံမှုများ၌ ၉၀ မှ ၉၅ ရာခိုင်နှုန်းထိ အစွမ်းထက်ခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် ဗိုင်းရပ်စ်ပိုး၏ ဖွဲ့စည်းပုံရှုပ်ထွေးမှုကြောင့် ပြီးပြည့်စုံသည့် သွေးလွန်တုပ်ကွေး ကာကွယ် ဆေးမျိုး တီထွင်ထုတ်လုပ်ရန်မူ အခက်တွေ့နေဆဲဖြစ်သည်။ သွေးလွန်တုပ်ကွေးတွင် မျိုးကွဲလေးခုထိရှိနေပြီး ကလေးများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြားရောဂါများဖြစ်သော ပိုလီယို၊ ရေကျောက် တို့ထက် ဖွဲ့စည်းပုံ ပိုမို ရှုပ်ထွေးကြောင်း သိရသည်။


Leave a Reply