ဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်

ဝန်ကြီးဌာနများက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူမည့်လုပ်ငန်းများတွင် လုပ်ကိုင်လိုသည့်ကုမ္ပဏီများအား ကန်ထရိုက် မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဝန်ကြီးဌာနများက ကန်ထ​​ရိုက်စနစ်ဖြင့်ခေါ်ယူမည့် တင်ဒါများ၊ လေလံများတွင် ဝင်ရောက် ယှဉ်ပြိုင်လုပ်ကိုင်လို သည့် ကုမ္ပဏီများအနေဖြင့် ပိုမိုစနစ်ကျမှုရှိစေရန် အဆိုပါကန်ထရိုက်မှတ် ပုံတင်လက်မှတ်များထုတ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်မှတ်များထုတ်ပေးနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး အဆိုပါကော်မတီက လိုင်စင်များထုတ်ပေးမည်ဖြစ်သည်။ နောက်ပိုင်းတွင် ယခု ကော်မတီကထုတ်ပေးသည့်လက်မှတ်ရှိမှသာ ပြည်ထောင်စုအဆင့်ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများက ခေါ်ယူသည့် ကန်ထရိုက်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

‘‘ကုမ္ပဏီတွေက အရမ်းများနေတော့ ပြန်စိစစ်ချင်တဲ့သဘောပါ။ ကန်ထရိုက်တွေမှာ လက်သိပ်ထိုးပေးတာမျိုးတွေ လည်း မရှိရအောင် ဒီလိုင်စင်ကနေ အရည်အချင်းကို စိစစ်ပြီးမှ လက်မှတ်ထုတ်ပေးသွားမယ်။ ဒါဆိုရင် ကုမ္ပဏီ တွေရဲ့ အရည်အချင်းတွေလည်းတက်လာမှာပါ’’ ဟု ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လိုင်စင်လျှောက်ထားလိုသူများအနေဖြင့် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် စတင်ဝယ်ယူလျှောက် ထားနိုင်ပြီး လိုင်စင်ထုတ်ပေးခြင်းကို ယခုလကုန်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကော်မတီနှင့်တူသည့် ပုံစံမျိုးကို ၁၉၆၂ နောက်ပိုင်းတွင် ဖွဲ့စည်းဖူးပြီး ပညာရှင်များကိုယ်တိုင် ကြီးကြပ် ပါဝင်ခဲ့သည်။


Leave a Reply