လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ကျူးလွန်သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ဓမ္မစက်နှင့် တားမြစ်မရပါက အာဏာစက် ဖြင့် အရေးယူမည်

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ကျူးလွန်သည့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကို ဓမ္မစက်ဖြင့် တားမြစ်ဆောင်ရွက်၍ မရပါက အာဏာစက်ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။

ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့သည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင် ၎င်းက မီဒီယာများ၏မေးမြန်းမှုကို အထက်ပါ အတိုင်း ထည့်သွင်းဖြေကြားခဲ့သည်။

‘‘သံဃာ့ကိစ္စ သံဃာ့အဖွဲ့အစည်းကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သံဃာ့အဖွဲ့အစည်းအနေနဲ့ ဓမ္မဝိနယ၊ ဓမ္မစက်နဲ့ အညီ အရေးယူဆောင်ရွက်မှာပဲဖြစ်တယ်။ ခုနပြောတဲ့ အရပ်ဘက်နဲ့  ဆက်နွှယ်တဲ့ကိစ္စ၊ ရပ်ရွာအေးချမ်း သာယာ ရေး၊ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတဲ့ကိစ္စတွေမှာ သံဃာ၊ ရဟန်းသံဃာများ ပါဝင် ပတ်သက်မှုရှိရင် ပထမ ဓမ္မဝိနယဓမ္မစက်နဲ့ တားမြစ်ဆောင်ရွက်မယ်။ ပြီးရင် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။ အဲဒီမှာ ဓမ္မစက်နဲ့ ဒါကို ဟန့်တားထိန်းသိမ်းလို့ မရဘူးဆိုရင် ခုနကပြောတဲ့ ပြည်သူနဲ့ပတ်သက်တဲ့ ဥပဒေပေါ့။ အာဏာစက် ကို လွှဲပေးရမယ်။ အာဏာစက်ဆိုတာ အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေ၊ တစ်နည်းအားဖြင့် အစိုးရအဖွဲ့တွေကို လွှဲပေးရမယ်။ ဒီပုဂ္ဂိုလ်  ဒီအဖွဲ့အစည်းကိုတော့ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုးကြားမှာ ပဋိပက္ခဖြစ်စေမှု ကျူးလွန်နေလို့ ဓမ္မဝိနယနဲ့ တားဆီးတာကို မလိုက်နာ၊ မနာခံတဲ့အတွက် အာဏာစက်အရ အရေး ယူရမယ်။ တည်ဆဲဥပဒေအရ အရေးယူရမယ်။ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ အာဏာစက်နဲ့ ဆက်အရေးယူ ဖို့ပဲရှိတယ်’’ ဟု သူရဦးအောင်ကိုက ပြောသည်။

အရပ်ဘက်တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ရန် သက်သေအထောက်အထားနှင့်တကွ တိုင်ကြားသူ ရှိရန်လိုအပ်ပြီး တိုင်ကြားသူရှိမှသာ အရေးယူ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘မည်သည့် ရဟန်းသာမဏေမဆို ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့၊ အန္တရာယ်ရှိ စေတဲ့ပြောဆိုမှု၊ ဟောပြောမှုများ ပြုလုပ်လို့ရှိရင်၊ တိုင်ကြားရင်၊ အထောက်အထားသက်သေလည်းရှိရင် မဟနနဲ့ သက်ဆိုင်ရာ သံဃဝိနိစ္ဆယ အဖွဲ့တွေက စုံစမ်းစစ်ဆေးရေးလုပ်မယ်။ ခုနပြောသလို ဘယ်ပုဂ္ဂိုလ်လို့ မပြောလိုပါဘူး။ အားလုံးအကျုံးဝင်ပါတယ်’’ ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထို့အပြင် သံဃာတော်များအနေဖြင့် တည်ဆဲအရပ်ဘက်ဥပဒေများနှင့် ငြိစွန်းပါက အရေးယူရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံစရာ မလိုအပ်ကြောင်းလည်း သာသနာရေး ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးထွန်းညွန့်က ဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် ရဟန်းနှင့် သင့်တင့်မလျောက် ပတ်သည့် ကိစ္စရပ်များကို ဆောင်ရွက်နေကြသည့် ရဟန်း၊ သာမဏေများကို ထိရောက်စွာ ကြပ်မတ်ပေးရန် အတွက်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက မဟနဆရာတော်ကြီးများထံ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

7 Day Daily


Leave a Reply