ဂျွန်တယ်ရီသည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်း ခေါင်းဆောင်ဖြစ်ဟု နည်းပြသစ် ကွန်တီ ပြော

John-Terry

နောက်ခံလူ ဂျွန်တယ်ရီ သည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်းခေါင်းဆောင်ဖြစ်မည်ဟု နည်းပြသစ် ကွန်တီက ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ချယ်လ်ဆီးအသင်းက အီတလီနည်းပြ ကွန်တီနှင့် သဘောတူညီမှုရရှိပြီးနောက် သီတင်းခြောက်ပတ်အကြာ ပြီးခဲ့သည့် မေလက တယ်ရီသည် ချယ်လ်ဆီးနှင့် နောက်ထပ် တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့သည်။

‘‘သူဟာ ဒီအသင်းရဲ့အသင်းခေါင်းဆောင်ပါ။ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အသင်းအကြောင်းကို သိတဲ့ လူဖြစ်တဲ့အတွက်ကြောင့် သူနဲ့ ကျွန်တော် စကားပြောချင်ပါတယ်’’ဟု ကွန်တီက ပြောသည်။

ထို့အပြင် ကွန်တီက လာမည့်ရာသီအတွက် ချယ်လ်ဆီး ကစားကွက်ကို မရွေးချယ်ရသေးဟု ၀န်ခံပြောကြားပြီး ကစားကွက် ပုံစံမှာ ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် ကြည့်ရှု၍ ပြောင်းလဲမည်ဟု ပြောသည်။

‘‘ကျွန်တော်အသင်းသစ် တစ်သင်းကို ရောက်လာရင် ကစားသမားတွေအတွက် နေရာမှန် အရင်ရှာပါတယ်။ နောက်တန်းမှာ သုံးယောက်ထားမလား၊ လေးယောက်ထားမလားဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်က ကစား သမားတွေကို အများကြီး တိုးတက်အောင် လုပ်ပေးနိုင်တယ်ထင်ပါတယ်’’ဟုကွန်တီ  (၄၆) နှစ်က ပြောသည်။

ထို့အပြင်ကွန်တီက ပရီးမီးယားလိဂ်တွင် အစောပိုင်းရက်များအတွင်း လက်စတာ နည်းပြ ရာနီရေရီထံ ဆက်သွယ်ကာ အကြံဉာဏ်များ တောင်းခံမည်ဟု  ပြောကြားသည်။

မန်ယူ နည်းပြသစ် မော်ရင်ဟိုနှင့် မိမိသည် အောင်မြင်မှုများ ရယူနိုင်သော နည်းပြများ ဖြစ်သည်ဟု ထင်ကြောင်း ကွန်တီက ဆက်လက် ပြောကြားသည်။

ကွန်တီသည် ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အီတလီစီးရီးအေဖလား သုံးလုံးရရှိအောင် စွမ်းဆောင် နိုင်ခဲ့သော နည်းပြဖြစ်သည်။

   —Ref:Goal


Leave a Reply