လာမည့်တစ်ပတ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန် တက်လာနိုင်ဟု ဒေါက်တာထွန်းလွင် ပြောကြား

လာမည့်တစ်ပတ်အတွင်း ချင်းတွင်းမြစ်ဖျားပိုင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန်တက်လာနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် (၁၄) ရက်က သတိပေးထားသည်။

အဆိုပါဒေသများပါဝင်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် တစ်ပတ် အတွင်း မိုးရွာနိုင်မှုအခြေအနေမှာ နောက်သုံးရက်အတွင်း မိုးရေချိန်လက်မ ၄ လက်မမှ ၁၀ လက်မခန့်၊ နောက် ၅ ရက်အတွင်း မိုးရေချိန် ၅ လက်မမှ ၁၂ လက်မ ခန့်နှင့် နောက် ၇ ရက်အတွင်း မိုးရေချိန် ၆လက်မမှ ၁၄ လက်မခန့် ထိ မိုးပိုလာနိုင်ကာ အဆိုပါဒေသများအနေဖြင့် မြစ်ရေတက်ခြင်းကို ဆက်လက်သတိထားရန် လိုအပ်သည်။

“ချင်းတွင်းမြစ်ဖျားပိုင်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းတွေမှာ မိုးအသင့်အတင့်မှ မိုးသည်းထန်နိုင်ပြီး ရေပြန်တက်လာနိုင် တာကြောင့် မြစ်ရေများကို ဆက်လက်သတိထားရန်လို အပ်နေပါတယ်” ဟု ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။

လက်ရှိမြစ်ရေအခြေအနေများမှာလည်း ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့၊ မင်းကင်းမြို့၊ မုံရွာမြို့ နှင့် ကနီမြို့ တို့တွင် ယင်းတို့၏စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်ပြီး င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေနိုင်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အပါအ၀င် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေဖုံးလွှမ်း ခံရနိုင်သည့် အလားအလာများနေကြောင်း သိရသည်။

အဆိုပါရေဖုံးလွှမ်းနိုင်သည့် အလားအလာများနေသည့်ဒေသများတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၊ ပဲခူး တိုင်းဒေသကြီး သာယာဝတီမြို့နှင့်ပဲ ခူးမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ဟင်္သာတမြို့နှင့် မအူပင်မြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မွန်ပြည်နယ် သထုံမြို့နယ် တို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထား သည်။

Democracytoday


Leave a Reply